လီဗာပူးဂိုးသမားအလီဆင်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ သတင်းကောင်းပါးလာတဲ့ အန်ဆယ်လော့တီ
ဘရာဇီးအသင်းနည်းပြအန်ဆယ်လော့တီက ဒဏ်ရာမှ တဖြည်းဖြည်းပြန်လည်သက်သာလာတဲ့ လီဗာပူးဂိုးသမားအလီဆင်ရဲ့နောက်ဆုံးအခြေအနေအကြောင်း ပြောပြလာပါတယ်။
လီဗာပူးအတွက်အားကိုးရတဲ့ ဒီဂိုးသမားက အခုဘောလုံးရာသီမှာ ဒဏ်ရာပြသနာ၊ ဖျားနာမှုပြဿနာတွေနဲ့အတူ ၁၉ ပွဲအထိ လွဲချော်ခဲ့ပြီး နောက်ဆုံး ၁၀ ပွဲကိုတော့ တံကောက်ကြောဒဏ်ရာကြောင့် မကစားနိုင်ခဲ့ပါဘူး။ သူမကစားနိုင်ချိန်တွေမှာ လီဗာပူးအသင်းရဲ့ဂိုးပေါက်ကို ဝုဒ်မန်းနဲ့ မာမာဒါရှီဗီလီတို့က အစားထိုး တာဝန်ယူခဲ့ကြပါတယ်။
လတ်တလော အလီဆင်က စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ လီဗာပူးအသင်းအတွက် ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် ရာသီပိတ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အခုအခါမှာတော့ နည်းပြအန်ဆယ်လော့တီက ကမ္ဘာ့ဖလားအတွက် ဘရာဇီးအသင်းလူစာရင်းကို ကြေညာခဲ့ရာမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရရှိသေးတဲ့ အလီဆင်ကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။
"အလီဆင်က ဒဏ်ရာမှ ပြန်လာနေပါပြီ၊ သူ လေ့ကျင့်ခန်းဆင်းနေတာ သီတင်းပတ် နှစ်ပတ်ရှိပါပြီ။ အခြေအနေကောင်းမွန်ပြီး ပုံမှန်အတိုင်းပါပဲ၊ လီဗာပူးအတွက် နောက်ပွဲစဉ်မှာ သူ ပါဝင်ကစားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တကယ်လို့ သူ မကစားဖြစ်ဘူးဆိုရင်တောင် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေဖို့ အချိန်အလုံအလောက် ရှိပါတယ်" လို့ အန်ဆယ်လော့တီက ပြောပါတယ်။
ဘရာဇီးအသင်းက ကမ္ဘာ့ဖလားအုပ်စု (C) ရဲ့ပွဲစဉ်တွေအဖြစ် မော်ရိုကို (ဇွန် ၁၃)၊ ဟေတီ (ဇွန် ၂၀) နဲ့ စကော့တလန် (ဇွန် ၂၄) တို့နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒါကြောင့် ဘောလုံးရာသီကုန်ဆုံးပြီးနောက် အလီဆင်အတွက် အနားယူဖို့ အချိန်အလုံအလောက် ရရှိနိုင်ပါတယ်။
"အခုလို ရွေးချယ်ခံရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ မိမိနိုင်ငံကို ကိုယ်စားပြုခွင့်ရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဒီဂျာစီကို ဝတ်ဆင်ရတယ်ဆိုတာ အခွင့်ထူးတစ်ခုဖြစ်သလို တာဝန်လည်း အလွန်ကြီးမားပါတယ်။ ကျွန်တော်တို့ရဲ့အိပ်မက်ဖြစ်တဲ့ ဆဋ္ဌမမြောက်ကမ္ဘာ့ဖလားချန်ပီယံဆုရရှိဖို့ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်သွားပါမယ်။ အားလုံး အတူတကွ ရှေ့ဆက်ကြစို့" လို့ အလီဆင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
လီဗာပူးနည်းပြအန်းစလော့ကလည်း ပြီးခဲ့တဲ့သီတင်းပတ်၊ အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်ခင်ကတည်းက အလီဆင် လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ အတည်ပြုခဲ့လို့ တနင်္ဂနွေနေ့ရာသီပိတ်ပွဲစဉ်အတွက် ဘရာဇီးဂိုးသမား ပြန်လည်ပါဝင်လာနိုင်ပါတယ်။