The network connection is lost.

Banner Image

နာပိုလီနဲ့ သရေကျပြီးနောက် ဘာစီလိုနာရဲ့လိုအပ်ချက်တွေကို ထောက်ပြပြောဆိုလာခဲ့တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က ယနေ့နံနနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ နာပိုလီနဲ့သရေကျခဲ့သော်လည်း သူ့ရဲ့အသင်းဟာ သရေရလဒ်ထက်ပိုကောင်းတဲ့ရလဒ်နဲ့ထိုက်တန်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာအတွက်ဦးဆောင်ဂိုးကို ရောဘတ်လီဝန်ဒေါစကီးက သွင်းယူပေးနိုင်ခဲ့ပေမယ့် ဗစ်တာအိုဆီမင်က နာပိုလီအတွက်ပြန်လည်ချေပခဲ့တာကြောင့် ပွဲအပြီးမှာ ၁-၁ ဆိုတဲ့ သရေရလဒ်သာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဇာဗီက “ကျွန်တော်တို့ ဒီရလဒ်ထက်ပိုထိုက်တန်ပါတယ်။ နည်းဗျူဟာအတိုင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ၁-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် ခြေစွမ်းအပေါ်မှာပါသက်ရောက်မှုရှိခဲ့ပါတယ်” “ကျွန်တော်တို့အနေနဲ့ ဂိုးသွင်းပြီးချိန်မှာ အနားယူနေလို့မရပါဘူး။ ဒါက ချန်ပီယံလိဂ်ပါ။ ပြိုင်ဘက်က အချိန်မရွေးဂိုး ပြန်ရသွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ကွင်းတစ်ဝက်လောက်အထိ ဆင်းပြီး ပိတ်ဆို့ကစားခဲ့သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် စွမ်းဆောင်ရည်ကတော့ စိတ်ကျေနပ်စရာပါ။ ပရိသတ်တွေအတွက်လည်း တွန်းအားတစ်ခုဖြစ်မယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဇာဗီကို ဒီရလဒ်ဟာ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ယူဆလို့ရသလားလို့ မေးမြန်းခဲ့ရာ စပိန်သားက “ကျွန်တော့်အတွက်တော့ ရလဒ်ကောင်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်သင့်တဲ့ပွဲတစ်ပွဲလို့ ထင်လို့ပါ။ ဒါပေမယ့် ဒီနေ့လိုစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ရှုံးပွဲထက် နိုင်ပွဲက ပိုများလာနိုင်ပါတယ်။ ကျွန်တော် ထွက်ခွာမယ်လို့ကြေညာလိုက်ပြီးကတည်းက ကစားသမားတွေက အများကြီးတိုးတက်လာခဲ့ပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

ယခုအပတ်အတွင်းမှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။