The network connection is lost.

Banner Image

၂၁ ရာစုအတွင်း လာလီဂါမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ တတိယမြောက်အသက်ကြီးဆုံးကစားသမားဖြစ်လာတဲ့ လီဝန်ဒေါစကီး

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ တနင်္လာနေ့နံနက်က ဆယ်လ်တာဗီဂိုကို ၂-၄ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပြီးနောက် ၂၁ ရာစုအတွင်း လာလီဂါမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ တတိယမြောက်အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယခုပွဲစဉ်မှာ လီဝန်ဒေါစကီးသာမက ယူနိုက်တက်မှအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့သလို၊ ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ကလည်း သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ အိမ်ရှင်ဆယ်လ်တာဗီဂိုအနေနဲ့လည်း သွင်းဂိုးတွေပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက်ဂိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ ယခုပွစဉ်မှာ ဘာစီလိုနာအတွက်ဦးဆောင်ဂိုးကို လီဝန်ဒေါစကီးက ပင်နယ်တီမှတစ်ဆင့် စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး တစ်မိနစ်အကြာမှာပဲ ကာရီယာက ဆယ်လ်တာဗီဂိုအတွက် ပြန်လည်ချေပခဲ့ပါတယ်။

ပွဲကစားချိန် ၃၇ မိနစ်မှာလည်း လီဝန်ဒေါစကီးက ဘာစီလိုနာကို နောက်ထပ်တစ်ဖန်ထပ်မံဦးဆောင်စေခဲ့ပေမယ့် ဆယ်လ်တာဗီဂိုအတွက် အလက်ဆစ်က ပြန်လည်ချေပခဲ့ပြန်ပါတယ်။သို့သော်လည်း ဘာစီလိုနာဟာ ပထမပိုင်းအချိန်ပိုမှာရရှိခဲ့တဲ့ လာမိုင်းယာမယ်လ်ရဲ့ဂိုးကြောင့် ၂-၃ ဆိုတဲ့ရလဒ်နဲ့ ပွဲကိုတဖန်ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ဆယ်လ်တာဗီဂိုက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိတော့ဘဲ လီဝန်ဒေါစကီးကသာ ဟက်ထရစ်ဖြစ်စေမယ့်သွင်းဂိုးကို ထပ်မံသွင်းယူခဲ့လို့ ဘာစီလိုနာတို့ ၂-၄ နဲ့ အဝေးကွင်းမှာအမှတ်ပြည့်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ ၇၆ ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်သလို ပိုလန်သားဟာ ၂၁ ရာစုအတွင်း လာလီဂါမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ တတိယမြောက်အသက်အကြီးဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲပြီးကာနီးအချိန်ပိုမှာ ဖရန်ကီဒီဂျောင်တစ်ယောက် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပေမယ့် ဘာစီလိုနာဟာ လက်ကျန်ပွဲချိန်တွေမှာ အနိုင်ရလဒ်ကိုထိန်းသိမ်းပြီး အမှတ်ပြည့်ယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၃ မှတ်သာကွာဟတော့တဲ့အခြေအနေတစ်ရပ်ကိုလည်း ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။