The network connection is lost.

Banner Image

ဘာစီလိုနာကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ဂိုးတွေဆက်မသွင်းဖို့ တောင်းဆိုခံခဲ့ရတဲ့ လီဝန်ဒေါစကီး

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ ၂၀၂၂ ခုနှစ် ပွဲဦးထွက်ရာသီမှာ ရာသီကုန်ခါနီး အသင်းနဲ့အတူ လာလီဂါဖလားကိုဆွတ်ခူးနိုင်ပြီးနောက် ဂိုးသွင်းခြင်းကိုရပ်တန့်ဖို့ ဘာစီလိုနာရဲ့တောင်းဆိုခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။ 

အသက်-၃၇ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ၈ နှစ်ကြာလက်တွဲခဲ့ကာ ဂျာမန်မြေမှာ ဂိုးပေါင်းမြောက်မြားစွာသွင်းယူပြီးနောက် ၂၀၂၂ ခုနှစ်မှာ ဘာစီလိုနာသို့စတင်ပြောင်းရွှေ့လာခဲ့ပါတယ်။ ထိုစဉ်က ပိုလန်လက်ရွေးစင်ကိုခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာဟာ သဘောတူညီချက်တစ်ခုအနေနဲ့ ကစားသမားဟာ ပထမဆုံးရာသီမှာ လာလီဂါသွင်းဂိုး ၂၅ ဂိုးသွင်းယူနိုင်ပါက ဘိုင်ယန်မြူးနစ်ထံ ယူရို ၂.၅ သန်း အပိုဆုကြေးပေးသွားရမှာဖြစ်ပါတယ်။ 

ယခုအခါမှာ သတင်းထောက် ဆီဘတ်ရှန်စတာဇူစကီးရဲ့အဆိုအရ ထိုစဉ်က လီဝန်ဒေါစကီးဟာ လာလီဂါသွင်းဂိုး ၂၃ ဂိုးသွင်းယူပြီးဖြစ်သလို ဘာစီလိုနာဟာ ရာသီကုန်ဖို့ ၂ ပွဲအလိုမှာ လာလီဂါချန်ပီယံဆုကိုရရှိပြီးဖြစ်တာကြောင့် ဘာစီလိုနာဘက်က ကစားသမားကို နောက်ဆုံး ၂ ပွဲမှာ ဂိုးထပ်မသွင်းဖို့အတွက် တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ 

စတာဇူစကီးက "ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာနဲ့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ သူတို့က လီဝန်ဒေါစကီးကို ဂိုးတွေဆက်မသွင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက ဘာစီလိုနာရဲ့စီးပွားရေးအခြေအနေက အကျဘက်ကိုရောက်နေလို့ပါ။ တကယ်လို့ လီဝန်ဒေါစကီးသာ ၂၅ ဂိုးပြည့်အောင်သွင်းနိုင်ခဲ့ရင် ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို ဘောနပ်စ် ယူရို ၂ သန်းခွဲပေးဆောင်သွားရမှာပါ။ ဘာစီလိုနာအနေနဲ့ ချန်ပီယံဆုကိုရရှိပြီးဖြစ်လို့ ကစားသမားကို ဂိုးတွေထပ်မသွင်းဖို့တောင်းဆိုခဲ့ပုံပေါ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။