
ယူနိုက်တက်နည်းပြရာထူးကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာနည်းပြဟောင်း
အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုက တကယ်လို့ ယူနိုက်တက်အသင်းက ကမ်းလှမ်းလာမယ်ဆိုရင် ဇာဗီအနေနဲ့ ချက်ချင်းပြောင်းနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အာမိုရင်ကတော့ အရေးနိမ့်မှုတွေများလာတာကြောင့် ရာထူးကနေအထုတ်ခံရဖို့ ဖိအားတွေများလာခဲ့တာဖြစ်ပါတယ်။
၆ ပွဲကစားပြီးချိန်မှာ ၃ ပွဲအရေးနိမ့်ပြီးနောက် အဆင့် ၁၄ နေရာအထိ ကျဆင်းခဲ့တဲ့အနေအထားမှာ အာမိုရင်ရဲ့အနာဂတ်က မသေချာမှုတွေရှိလာပါတယ်။ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့အရေးနိမ့်ပြီးနောက် ပေါ်တူဂီသားဟာ ဖိအားတွေများလာခဲ့ပြီး ရိုမာနိုက ဇာဗီဟာ ယူနိုက်တက်ကိုပြောင်းချင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ယူကျူ့ဘ်ချန်နယ်မှာ ရိုမာနိုက “ဇာဗီက ပရီးမီးယားလိဂ်ကို လေ့လာနေပါတယ်။ တကယ်လို့ယူနိုက်တက်ကကမ်းလှမ်းလာမယ်ဆိုရင် ဥရောပပွဲစဉ်တွေမရှိတာတောင် ပရီးမီးယားလိဂ်ကို ချက်ချင်းလာနိုင်ပါတယ်”လို့ ဆိုပါတယ်။ ဇာဗီစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကြောင့် အာမိုရင်အခြေအနေက စိုးရိမ်ရာဖြစ်လာခဲ့ပြီး တကယ်လို့ မှန်ကန်တဲ့နည်းပြတွေ့ခဲ့ရင် အစားထိုးဖို့ ယူနိုက်တက်တာဝန်ရှိသူတွေက အလိုရှိနေပါတယ်။
ဘာစီလိုနာနည်းပြဟောင်းဟာ ၂၀၂၂ - ၂၃ တုန်းက လာလီဂါ နဲ့ စူပါကိုပါဖလားတွေကိုရယူနိုင်ခဲ့ကာ လက်ရှိမှာအလုပ်လက်မဲ့ဖြစ်နေပါတယ်။ ဇာဗီရဲ့တိုက်စစ်အားသန်အတွေးအခေါ် နဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက်က အဆင်ပြေနိုင်တာဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေက အာမိုရင်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပြီး ဘုတ်အဖွဲ့ကတော့ လက်ရှိမှာထောက်ခံထားဆဲဖြစ်ပါတယ်။
တကယ်လို့ ထပ်မံပြီးရလဒ်တွေဆိုးဝါးနေဦးမယ်ဆိုရင်တော့ စပိန်သားကို ခန့်အပ်ဖို့ ပြင်ဆင်လာဖွယ်ရှိနေပါတယ်။