The network connection is lost.

Banner Image

သရဲနီဂန္တဝင်ပေါလ်စခိုးရဲ့ စိတ်ကြိုက်ကွင်းလယ်ကစားသမားငါးဦးစာရင်းမှာ ပါဝင်လာတဲ့ ပက်ဒရီ

အခုဘောလုံးရာသီ၊ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြနေတဲ့ ပက်ဒရီအတွက် ချီကျူးဂုဏ်ပြုမှုတွေ အမြောက်အများထွက်ပေါ်နေပါတယ်။ လတ်တလောမှာလည်း သရဲနီဂန္တဝင်ပေါလ်စခိုးက သူ့ကို “ဇာဗီနဲ့ အင်နီယေစတာ ပေါင်းစပ်ထားသော ကစားသမားတစ်ဦး”လို့ သတ်မှတ်ခဲ့ပြီး ပက်ဒရီရဲ့ပရိသတ် ဘာကြောင့်ဖြစ်လာသလဲဆိုတာ အကျဉ်းရုံးရှင်းပြသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပေါလ်စခိုးက သူ့စိတ်ကြိုက်ကွင်းလယ်ကစားသမားငါးဦးစာရင်းကို ပြောပြခဲ့ပြီး ဒီစာရင်းမှာ ပက်ဒရီကို ထိပ်ဆုံးနေရာမှာထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူဟောင်းက “ ကျွန်တော့်ရဲ့နံပါတ်-၁ ကတော့ ပက်ဒရီ ဖြစ်ပါတယ်။ သူက ဇာဗီနဲ့ အင်နီယေစတာ ပေါင်းစပ်ထားသလိုပါပဲ။ သူက ပြိုင်ဘက်တစ်ဦးလောက်ကိုတော့ အသာအယာနဲ့ အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ခြေစွမ်းပိုင်းအကြောင်း ဆွေးနွေးနေတာမျိုးမဟုတ်ဘဲ ဘောလုံးဦးနှောဏ်အကြောင်း ပြောချင်တာပဲ ဖြစ်ပါတယ်။ တခါတရံ အကျဉ်းအကျပ်ထဲရောက်နေချိန်မှာတောင် ပက်ဒရီက ဝမ်းတူးလေးရိုက်ပြီး လှည့်ထွက်သွားတာတွေ၊ ပုခုံးလေးနိမ့်ပြီး လျှောခနဲထွက်သွားတာတွေ ရှိပါတယ်။ နည်းစနစ်ပိုင်းကတော့ ထိပ်တန်းအဆင့်ပါပဲ”လို့ ပြောပါတယ်။

ဒါ့အပြင် ပေါလ်စခိုးရဲ့စိတ်ကြိုက်ကစားသမားစာရင်းမှာ ပါဝင်နေတဲ့ ဘာစီလိုနာကစားသမားက ပက်ဒရီတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမားဟောင်းရဲ့စာရင်းမှာ ဒီဂျောင်လည်း ရှိနေပြန်ပါတယ်။ ပေါလ်စခိုးက “ ဒီဂျောင်ကလည်း ကျွန်တော်စောင့်ကြည့်ချင်တဲ့ နည်းစနစ်ပိုင်းကောင်းသူကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ကိုတော့ နံပါတ်-၅ လောက်မှာ ထားချင်ပါတယ်”လို့ ဆိုပါတယ်။

ပေါလ်စခိုးက သူ့ရဲ့စာရင်းမှာ လီဗာပူးကြယ်ပွင့်မက်အယ်လစ္စတာကို နံပါတ်-၄၊ ပီအက်စ်ဂျီရဲ့ဗီတင်ဟာကို နံပါတ်-၃၊ စပိန်နဲ့ မန်စီးတီးအတွက် မရှိမဖြစ်ကွင်းလယ်အင်ဂျင်ရိုဒရီကို ပက်ဒရီရဲ့နောက်၊ ဒုတိယနေရာမှာ ထားရှိခဲ့ပါတယ်။