The network connection is lost.

Banner Image

ဘာစီလိုနာနဲ့စိတ်ပျက်ဖွယ်နောက်ဆုံးရာသီအကြောင်း ပြန်ပြောလာတဲ့ ဇာဗီ

ဇာဗီဟာနန်ဒက်ဇ်ဟာ ယေဘုယျအားဖြင့် ဘာစီလိုနာနည်းပြဘဝမှာ အောင်မြင်ခဲ့ပေမယ့် စိတ်ပျက်စရာအဆုံးသတ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဇာဗီဟာ စတင်တာဝန်ယူခဲ့တဲ့ရာသီမှာ အောင်မြင်မှုတွေရခဲ့ပေမဲ့ ၂၀၂၃-၂၄ရာသီမှာတော့ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ESIC တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ညီလာခံတစ်ခုမှာ ဇာဗီက ဘာစီလိုနာနည်းပြဘ၀ နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၂၃-၂၄ ရာသီအကြောင်းကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ ဇာဗီက"ကျွန်တော် ဘာစီလိုနာမှာ နည်းပြဘဝစတဲ့အခါ ကစားသမားတွေနဲ့ ကလပ်အသင်းအတွက် တောင်းဆိုမှုတွေ အများကြီးထားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကလပ်အသင်းက တောင်းဆိုမှုတွေ အများကြီးမရှိတဲ့ ကာလတစ်ခုကနေ ထွက်လာခဲ့တာကြောင့်ပါ။ ကျွန်တော့်ရဲ့အမှားကတော့ အဲဒီစံနှုန်းမြင့်တွေကို ကျွန်တော်ရောက်တဲ့အချိန်ကနေ လာလီဂါ၊ စပိန်စူပါဖလားတွေ အနိုင်ရတဲ့အထိ တစ်နှစ်ပဲ ထိန်းသိမ်းထားနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်နိုင်ခဲ့ပြီး 'ငါ့မှာ ဘာဖြစ်ခဲ့တာလဲ' လို့ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။

ကျွန်တော် အဲဒီစံနှုန်းမြင့်တွေကို လျှော့ချလိုက်တဲ့အခါ ကစားသမားတွေမှာ အရင်လိုစိတ်ဓာတ်၊ အရင်လိုလေးစားမှု၊ အရင်လို ကြိုးစားမှုတွေ မရှိတော့ဘူး။ စံနှုန်းတွေက တဖြည်းဖြည်းနဲ့ လျော့ကျသွားပြီး နောက်ဆုံးရာသီမှာ ကျွန်တော်တို့ ဘာဖလားမှမရခဲ့ဘူး။ ဒီကိစ္စကနေ ကျွန်တော် အများကြီးသင်ယူခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်ဖို့ လိုအပ်ခဲ့တယ်"လို့ ပြောပြခဲ့ပါတယ်။

ဘာစီလိုနာကနေ ထုတ်ပယ်ခံရပြီးနောက် ဇာဗီဟာ အသင်းလက်မဲ့ဖြစ်နေခဲ့ပေမဲ့ ၁၈ လအကြာမှာတော့ နည်းပြလောကကို ပြန်လာဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ ဘောလုံးလောကကနေ ခေတ္တအနားယူနေစဉ်မှာ နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေရှိခဲ့ပေမဲ့ ဇာဗီက ငြင်းဆန်ခဲ့ပြီး ကြီးမားတဲ့ ပရောဂျက်တစ်ခုကိုသာ စောင့်မျှော်နေခဲ့ပါတယ်။ ယူနိုက်တက်အသင်းက ဇာဗီ ကိုင်တွယ်ဖို့စိတ်ဝင်စားတဲ့ အသင်းတွေထဲက တစ်ခုဖြစ်ပေမယ့် လက်ရှိခြေစွမ်းတက်လာမှုကြောင့် နည်းပြရာထူးအတွက် စောင့်ဆိုင်းရနိုင်ပါတယ်။