The network connection is lost.

Banner Image

မက်ဂင်း ပြန်လာတာက အခြေအနေတွေကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်မယ်လို့ ဗီလာကွင်းလယ်လူ ဘာကလေ ဆို

အက်စတွန်ဗီလာကွင်းလယ်လူ ရော့စ်ဘာကလေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ အပြုသဘောဆောင်တဲ့ အချက်တွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဗီလာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒီပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဘာကလေက "ရလဒ်က ကျွန်တော်တို့ စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ မန်ယူက လက်ရှိမှာ ခြေစွမ်းအကောင်းဆုံးဖြစ်နေတဲ့ အသင်းကောင်းတစ်သင်းပါ၊ ဒါပေမဲ့ ကျွန်တော်တို့လည်း အခုအချိန်မှာ အရင်လို အနေအထားမျိုးမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်သွားဖို့၊ သင်ခန်းစာယူဖို့နဲ့ ဆက်လက်ကြိုးစားဖို့ပဲ လိုပါတယ်။ အခုလို ခြေစွမ်းကျဆင်းနေတာမျိုး ဆက်မဖြစ်သွားအောင် တားဆီးပေးနိုင်မယ့် ထိပ်တန်းကစားသမားတွေ ကျွန်တော်တို့ အသင်းထဲမှာ အများကြီးရှိပါတယ်" လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

"အခြေခံအချက်တွေကို မှန်မှန်ကန်ကန် ပြန်လုပ်ဖို့၊ ကွင်းထဲမှာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့နဲ့ ပွဲကို ပိုပြီးထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါတွေကို လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်နေသလို ပွဲစဉ်တွေကိုလည်း ပြန်လည်ဆန်းစစ်ပြီး ရလဒ်ဆိုးတွေကနေ သင်ခန်းစာယူဖို့ ကြိုးစားနေပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် မက်ဂင်း ပြန်လာပြီဖြစ်လို့ ကျွန်တော်တို့ ခြေစွမ်းပြန်တက်လာဖို့အတွက် သူက အဓိကကျတဲ့သူ ဖြစ်လာပါလိမ့်မယ်။ ရေရှည်ဒဏ်ရာရနေတဲ့ တခြားကစားသမားတွေလည်း ပြန်လာတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့ အကောင်းမြင်စိတ်နဲ့ပဲ ရှေ့ဆက်သွားနေပါတယ်။ နောက်ပိုင်းရလဒ်တွေအပေါ် စိတ်ပျက်မိပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ ဒီလိုအခြေအနေမျိုး ဆက်မဖြစ်အောင် လုပ်ပေးနိုင်မယ့် ထိပ်တန်းကစားသမားတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ ဒီအခြေအနေတွေကနေ သင်ခန်းစာယူပြီး အမှားတွေကို ပြင်ဆင်ကာ အရှိန်အဟုန်နဲ့ ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဘာကလေက ဆိုပါတယ်။