ကန်တိုနာတစ်ယောက် ယူနိုက်တက်ဆီဘယ်လိုရောက်လာခဲ့သလဲ ပြန်ပြောင်းပြောပြလာတဲ့ စထရာချန်
လိဒ်ယူနိုက်တက်အသင်းရဲ့ အမှတ်ပေးဖလားရခေတ်က အသင်းခေါင်းဆောင်ဖြစ်သူ ဂေါ်ဒွန်စထရာချန်က အဲရစ်ကန်တိုနာကို မန်ချက်စတာယူနိုက်တက်ဆီ ရောင်းချခဲ့တဲ့နေ့အကြောင်း ပြန်ပြောင်းပြောပြလာပါတယ်။
၁၉၉၁-၉၂ ဘောလုံးရာသီရဲ့ ပထမတန်း အမှတ်ပေးဖလားကို ယူနိုက်တက်ကို ကျော်ဖြတ်ပြီး လိဒ်အသင်း ရရှိအောင် ကူညီပေးခဲ့ပြီး လပိုင်းအကြာမှာတင် ကန်တိုနာဟာ အီလန်ရုဒ်ကွင်းကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီအပြောင်းအရွှေ့ဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှုအရှိဆုံး ခေတ်တစ်ခေတ်ကို စတင်စေခဲ့တဲ့ အပြောင်းအရွှေ့လည်း ဖြစ်ပါတယ်။
Tribalfootball.com နဲ့ စကားပြောဆိုရာမှာတော့ စထရာချန်က ပြင်သစ်ကြယ်ပွင့် ကန်တိုနာရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်ခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက လိဒ်ကနေ ထွက်ခွာခဲ့တာဟာ သက်ဆိုင်သူအားလုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
"နည်းပြ ဟောင်းဝပ်ဝီလ်ကင်ဆန် ကျွန်တော့်ဆီလာပြီး မန်ချက်စတာယူနိုက်တက်က အဲရစ်ကန်တိုနာကို ခေါ်ချင်နေတယ်လို့ ပြောတာ မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက လိဒ်ကလည်း ယူနိုက်တက်ကနေ ဒင်းနစ်အာဝင်ကို ခေါ်ဖို့ ကြိုးစားခဲ့သေးပေမဲ့ သူတို့ဘက်က အဲ့ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်" လို့ စထရာချန်က ဆိုပါတယ်။
"ကျွန်တော်တို့အသင်းမှာ ပါတဲ့သူတွေက အကောင်းဆုံးဆိုတဲ့ ကစားသမားတွေ မဟုတ်ခဲ့ပေမဲ့ တစ်သင်းလုံး စုစည်းလိုက်ရင်တော့ တော်တော်လေး တောင့်တင်းတဲ့ အသင်းပါ။ အဲရစ်ကတော့ အသင်းကို လာရောက်ကူညီပေးပြီး အရေးကြီးတဲ့ အချိန်တွေမှာ ဂိုးသွင်းပေးတာမျိုးတွေ အများကြီး လုပ်ပေးခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့အတွက် တကယ်ကို အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီအချိန်က လိဒ်အသင်းသားတွေဟာ အလုပ်ကြမ်းသမားတွေလိုပါပဲ၊ ကွင်းထဲမှာ အမြဲတမ်း ရုန်းကန်ကစားခဲ့ရပြီး ဘောလုံးပညာပိုင်းမှာ ကျွန်တော်တို့ထဲက ဘယ်သူမှ သိပ်ပြီး ထူးခြားတာမျိုး မရှိပါဘူး။ အဲရစ်ကတော့ တစ်ခြားသူတွေနဲ့မတူဘဲ ပါရမီထူးခြားတဲ့သူပါ"
မန်ချက်စတာယူနိုက်တက်နဲ့အတူ FA ဖလား ရရှိခဲ့ဖူးတဲ့ စထရာချန်က အခုလို ဆက်ပြောပါတယ်။ "အဲရစ်ဟာ လိဒ်ကို မရောက်ခင် အစောပိုင်း ကာလတွေမှာ ကလပ်အသင်းတွေ အများကြီး ပြောင်းခဲ့ရပါတယ်။ သူဟာ ကွင်းထုတ်ခံရတာမျိုးတွေ၊ ရန်ဖြစ်တာမျိုးတွေ ရှိတတ်ပြီး ဒါက သူ့ရဲ့ သဘာဝလို ဖြစ်နေပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းကပဲ သူ့ကို ထိန်းကျောင်းနိုင်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ဖွံ့ဖြိုးလာဖို့ လိုအပ်နေတဲ့ လူငယ်ကစားသမားတချို့ ရှိနေခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ အဲရစ်က သူတို့ကို တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့တဲ့ အဓိက လက်နက်တစ်ခု ဖြစ်ခဲ့ပါတယ်"
ကန်တိုနာ လိဒ်ကနေ စောစောစီးစီး ထွက်သွားခဲ့တယ်လို့ အချို့က ယူဆနေကြပေမဲ့ စထရာချန်ကတော့ ကန်တိုနာသာ လိဒ်မှာ ဆက်ရှိနေခဲ့ရင်တောင် ပြီးခဲ့တဲ့ ရာသီကလို အမြင့်ဆုံး ခြေစွမ်းမျိုးကို နောက်ထပ် ပြနိုင်တော့မှာ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်နေပါတယ်။
သူက ဆက်ပြီး "ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ဟာ အရင်နှစ်ကလို အကောင်းဆုံး ပုံစံမျိုးနဲ့ မကစားနိုင်တော့ဘဲ ဘောလုံးအသင်းတစ်သင်းရဲ့ အခြေခံတွေအတိုင်း ပြန်စဖို့ လိုအပ်နေပါပြီ။ အဲရစ်က အဲ့ဒီလို ပုံစံမျိုး ကစားတတ်တဲ့ သူမဟုတ်ပါဘူး၊ သူက ကျွန်တော်တို့ထက် ပိုပြီးတော့ ပါရမီရှိပြီး စိတ်ကူးယဉ်ဆန်ဆန် ကစားတတ်သူပါ။ အဲ့ဒီအချိန်မှာ သူနဲ့ အကိုက်ညီဆုံးက မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းပါပဲ။ အဲ့ဒီတုန်းကတော့ ဘယ်သူမှ မသိခဲ့ကြပေမဲ့ အချိန်အခါ ကောင်းတစ်ခုမှာ သူ ယူနိုက်တက်ကို ရောက်သွားခဲ့တာပါ။ လိဒ်မှာ သူ့ရဲ့ အချိန်တွေ ကုန်ဆုံးသွားပြီဆိုတာ သူကိုယ်တိုင်လည်း သိပါတယ်၊ ဒါကြောင့် အပြောင်းအရွှေ့ မဖြစ်ခင် တစ်လလောက် အလိုကတည်းက သူ ထွက်ချင်နေခဲ့တာပါ။ အဲရစ်အနေနဲ့ ကျွန်တော်တို့နဲ့အတူ ပြန်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်တော့သလို ဝီလ်ကင်ဆန်လည်း ဒီလိုပဲ ပြောပါလိမ့်မယ်။ ဒါပေမဲ့ သူ ကျွန်တော်တို့နဲ့ ရှိစဉ်တုန်းက အသင်းအတွက် စွမ်းဆောင်ပေးခဲ့တာတွေကို အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်သလို ကျွန်တော်တို့အသင်းကလည်း သူ့အတွက် အကောင်းဆုံး ဖြစ်ခဲ့တယ်ဆိုတာကို သူ သတိရနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။