ဒိုမန်က သူ့စံချိန်ကို ချိုးဖျက်ပစ်ခဲ့ပေမယ့် ကျေနပ်မိတယ်လို့ဆိုလာတဲ့ ဂျိမ်းစ်ဗော်ဂန်
အာဆင်နယ်အသင်းရဲ့ လူငယ်ပါရမီရှင် မက်ဇ်ဒိုမန်ကို သူ့ရဲ့ ပရီးမီးယားလိဂ်စံချိန် လွှဲပြောင်းပေးလိုက်ရတဲ့အပေါ် ဂျိမ်းစ်ဗော်ဂန်က ဝမ်းသာပျော်ရွှင်နေပါတယ်။
၂၀၀၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တုန်းက အဲဗာတန်အသင်းက ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒေးဗစ်မွိုက်စ်က လူစားလဲဝင်ရောက်ကစားစေခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ချိန်မှာ ဗော်ဂန်ရဲ့ အသက်က ၁၆ နှစ်နဲ့ ရက်ပေါင်း ၂၇၀ ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ မက်ဇ်ဒိုမန်က အာဆင်နယ်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး ပရီမီယာလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့သလို ဗော်ဂန်ရဲ့ စံချိန်ကိုလည်း ၁၉၇ ရက်အထိ လျှော့ချပစ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ အဲဗာတန်အသင်းရဲ့ လူငယ်အကယ်ဒမီ စုဆောင်းရေးအကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ဗော်ဂန်က "တကယ်ကို အံ့ဩစရာပါပဲ။ ကျွန်တော့်သားလေးက အဲဗာတန်ပွဲတွေ သွားကြည့်ရတာ ဝါသနာပါပေမဲ့ အဝေးကွင်းပွဲစဉ်တွေတော့ တစ်ခါမှ မသွားဖူးခဲ့ပါဘူး၊ ဒါကြောင့် တစ်ပွဲခေါ်သွားမယ်လို့ သူနဲ့ ကတိထားခဲ့တာပါ" လို့ Sky Sports ကို ပြောပြခဲ့ပါတယ်။
"ပွဲမတိုင်ခင် တစ်ရက်အလိုမှာမှ အာဆင်နယ်ကွင်းကို သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ကွင်းထဲမှာ ကျွန်တော်တို့ ရှိနေခဲ့သလို အဲဒီနေ့ တစ်နေ့လုံးမှာလည်း တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်မျိုး ရနေခဲ့တယ်" လို့ သူက ဆိုပါတယ်။
"အမှန်အတိုင်းပြောရရင် မက်ဇ်ဒိုမန် ဘယ်လောက်တောင် ထူးချွန်သလဲဆိုတာ ကျွန်တော် သိထားတာ ကြာပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း လီဗာပူးက ရီယိုအန်ဂူမိုဟာ ဂိုးသွင်းတော့မလို ဖြစ်ခဲ့ပေမဲ့ စံချိန်က မကျိုးခဲ့သေးပါဘူး။ သူတို့နှစ်ယောက်လုံးက ကျွန်တော့်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့်သူတွေလို့ ကျွန်တော် ထင်နေခဲ့တာပါ"
"အခုလို ကွင်းထဲမှာ သားလေးနဲ့အတူ ရှိနေချိန်မှာ စံချိန်ချိုးခံလိုက်ရတာကို မြင်တွေ့ခဲ့ရတာပါ။ ကျွန်တော့်သားလေးကတော့ (စံချိန်ကျိုးသွားလို့) နည်းနည်း စိတ်မကောင်းဖြစ်သွားပုံရပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒီစံချိန်ကို ချိုးဖို့ မက်ဇ်ဒိုမန်ထက် ပိုကောင်းတဲ့ ကစားသမား မရှိတော့ပါဘူး"
"ကျွန်တော် သူ့ကို စောင့်ကြည့်လာတာ နှစ်အနည်းငယ်ရှိပြီ။ တစ်ခုပဲ၊ သူ့အပေါ်မှာ ဖိအားတွေ အများကြီး မပေးစေချင်ဘူး။ ဒီနေ့ကစပြီး သူ့ရဲ့ ဘဝက ပြောင်းလဲသွားတော့မှာဖြစ်ပေမဲ့ သူက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်လို့ အနာဂတ်မှာ အောင်မြင်မှုတွေ အများကြီး ရလာဦးမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကစားသမားတွေအများကြီးရှိခဲ့တဲ့အထဲမှာမှ အခုလိုမျိုး မက်ဇ်ဒိုမန်က ကျွန်တော့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ" လို့ ဗော်ဂန်က ပြောကြားခဲ့ပါတယ်။