The network connection is lost.

Banner Image

ဘုန်းမောက်ကိုရှုံးနိမ့်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်လို့ဝန်ခံလာတဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် အခုလိုရှုံးနိမ့်မှုအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်လို့ သူ့ရဲ့ကစားသမားတွေကို ပြောကြားခဲ့ပါတယ်။ 

ဘုန်းမောက်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၁၇ မိနစ်မှာ ဒင်းန်ဟူဆင်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပြိး တော့တင်ဟမ်ကို ဒီရာသီ ၆ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ကြုံတွေ့စေခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘုန်းမောက်ဟာ ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်အထိပြုလုပ်ခဲ့ပြီး ၈ ကြိမ်အထိဂိုးပေါက်တည့်မတ်မှုရှိခဲ့ပေမယ့် ၁ ဂိုးသာရရှိခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ကတော့ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိရရှိခဲ့ပေမယ့် အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ခြင်းမရှိလို့ ၁ ဂိုးတောင်ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

ပွဲအပြီးမှာတော့ စိတ်ပျက်နေတဲ့ ပိုစတီကိုဂလူက “ကျွန်တော်တို့ လုံလောက်အောင်မကောင်းခဲ့ပါဘူး။ ပွဲအစမှာပဲ သူတို့ရဲ့ထောင်ချောက်ထဲကိုရောက်ခဲ့ပြီး ဘာမှမဟုတ်တဲ့ဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း ဘုန်းမောက်က ပွဲကိုချုပ်ကိုင်ထားပြီး သူတို့လိုချင်တဲ့ပုံစံအတိုင်း ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးရလောက်တဲ့အထိတော့ မဟုတ်ခဲ့ပါဘူး။ ဒီပွဲအတွက် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ပဲအပြစ်တင်ရပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲရလဒ်ကြောင့် တော့တင်ဟမ်ဟမ်ဟာ ရမှတ် ၂၀ နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာသို့ကျဆင်းသွားခဲ့ပြီး ဘုန်းမောက်ကတော့ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၉ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ပိုစတီကိုဂလူက “ဘုန်းမောက်ကို အဝေးကွင်းမှာလာကစားရတာ အရမ်းခက်ပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ပိုင်းကိုတက်ကြွစေဖို့ ဂိုးပေးလိုက်ရတာကြောင့် အခြေအနေပိုဆိုးသွားပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတွေကစားဖို့ကျန်ပါသေးတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာကတော့ သူ့အသင်းရဲ့ကစားပုံကို ကျေနပ်မိကြောင်းကို “ဒီနေ့မှာ ကျွန်တော်တို့နောက်တန်းရဲ့ကစားပုံက အတော်လေးစိတ်ကျေနပ်စရာကောင်းပါတယ်။ ကစားသမားတိုင်း နောက်တန်းမှာ အရမ်းတော်ခဲ့ကြပါတယ်။ ပြီးတော့ ကံကောင်းစွာပဲ ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သူ့ကို စောစောစီးစီးမထိန်းချုပ်နိုင်ခဲ့ရင် ဂိုးတွေပြန်ပေးရနိုင်တယ်လို့ တွေးမိတဲ့အခိုက်အတန့်တွေလည်းရှိခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်က လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘုန်းမောက်ကတော့ အစ်ဆွစ်ချ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။