ဘုန်းမောက်နည်းပြ အီရာအိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တော့တင်ဟမ်ရဲ့ အပြိုင်မှာ ယူနိုက်တက်ကလည်း ပါဝင်လာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်စာရင်းထဲမှာ ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာလည်း ပါဝင်နေပါတယ်။
ဇွန်လအထိ စာချုပ်သက်တမ်းရှိတဲ့ မိုက်ကယ်ကားရစ်ကို ထည့်သွင်းစဉ်းစားနေပေမဲ့ အသင်းဘုတ်အဖွဲ့က တခြားနည်းပြတွေကိုလည်း ရှာဖွေနေပြီး အခုအခါမှာတော့ အီရာအိုလာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ i Paper က ဖော်ပြထားပါတယ်။
စပိန်လူမျိုးနည်းပြ အီရာအိုလာကိုတော့ ရာသီအကုန်မှာ ရေရှည်စီမံကိန်းအတွက် နည်းပြသစ်ခန့်အပ်ဖို့ ရည်ရွယ်နေတဲ့ တော့တင်ဟမ်အသင်းကလည်း ပစ်မှတ်ထားနေတာပါ။ ယာယီနည်းပြ အီဂေါ တူဒါကတော့ ရာသီမကုန်ခင်မှာပဲ ရာထူးကနေ နုတ်ထွက်သွားရဖို့ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြ အိုလီဗာ ဂလက်စနာရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးဖို့အတွက် အီရာအိုလာရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။
တစ်ဖက်မှာလည်း ဘုန်းမောက်အသင်းက ဒီလထဲမှာရှိမယ့် နိုင်ငံတကာပွဲစဉ်နားရက်အတွင်း အီရာအိုလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးသွားဖို့ ရည်မှန်းထားပါတယ်။
အခြားအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကြောင့် အီရာအိုလာအနေနဲ့ စိတ်လှုပ်ရှားမှုတွေ ရှိနိုင်ပေမဲ့ ဘုန်းမောက်အသင်း တာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့နွေရာသီက ဘရန့်ဖို့ဒ်မှာ အခြေအနေကောင်းနေတာကို စွန့်ခွာပြီး တော့တင်ဟမ်ကို ပြောင်းရွှေ့ခဲ့လို့ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သောမတ်စ် ဖရန့်ရဲ့ အဖြစ်အပျက်ကို နမူနာပြပြီး သူ့ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။