
ကြွက်သားဒဏ်ရာကြောင့် စပိန်လူစာရင်းမှ ထုတ်ပယ်ခံခဲ့ရတဲ့ ဟွိုင်ဆန်
ရီးရဲလ်မက်ဒရစ်နောက်ခံကြယ်ပွင့် စပိန်လက်ရွေးစင် ဒင်းန်ဟွိုင်ဆန်ဟာ ကြွက်သားဒဏ်ရာပြဿနာကြောင့် ယခုအောက်တိုဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယားတို့နဲ့ယှဉ်ပြိုင်သွားမယ့် စပိန်အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်မှ စပိန်လာလီဂါသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ခံစစ်မှူးဟာ ယခု ၂၀၂၅-၂၆ ရာသီအတွင်း ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံပွဲစဉ်တိုင်းမှာ ပါဝင်ကစားထားပြီး ပွဲပယ်ခံရမှုကြောင့် အက်စ်ပန်ညိုနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ လွဲချော်ထားတာဖြစ်ပါတယ်။
ကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဗီလာရီးရဲလ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ယခုအခါမှာ ကြွက်သားဒဏ်ရာကြောင့် စပိန်အသင်းကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဟွိုင်ဆန် ဒဏ်ရာရရှိထားကြောင်း ရီးရဲလ်မက်ဒရစ်က "ဒီနေ့ ကစားသမားတွေရဲ့အခြေအနေအပေါ် အကဲဖြတ်စစ်ဆေးခဲ့ရာမှာ ဒင်းန်ဟွိုင်ဆန်အနေနဲ့ ကြွက်သားဒဏ်ရာရရှိထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကစားသမားဟာ ဘယ်ဘက်ခြေဖဝါး ကြွက်သားဒဏ်ရာရရှိထားတာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ဒဏ်ရာအခြေအနေကို ထပ်မံအသိပေးသွားပါမယ်" လို့ထုတ်ပြန်ကြေညာထားပါတယ်။
ဘုန်းမောက်မှာ ခြေစွမ်းပြပြီး ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာတဲ့ ဟွိုင်ဆန်ဟာ နည်းပြဇာဘီအလွန်ဆိုရဲ့လက်အောက်မှာ ပိုမိုတောက်ပလာခဲ့ပြီး စပိန်လက်ရွေးစင်အသင်းမှာလည်း အရေးပါတဲ့နောက်ခံလူတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ စပိန်သားဟာ ယခုရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်တိုင်းမှာပါဝင်ကစားထားပြီး ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရလို့ အက်စ်ပန်ညိုနဲ့ပွဲစဉ်ကိုသာလွဲချော်ထားတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ညာနောက်ခံကစားသမားတွေဖြစ်တဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်နဲ့ ဒန်နီကာဗာဂျယ်တို့ကလည်း ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ထားတာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့နောက်တန်းပိုင်းမှာ အတော်လေးအင်အားလျော့နည်းနေပြီလည်းဖြစ်ပါတယ်။ လာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အလွန်ဆိုအနေနဲ့ ဟွိုင်ဆန်ကိုအဆိုပါပွဲစဉ်အမီ ပြန်လည်အသုံးပြု နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။