
အိုယာဇာဘယ်လ်က ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ ဖွန်တေ ချီးကျူး
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက ဂျော်ဂျီယာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်သွင်းဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မီခေးလ်အိုယာဇာဘယ်လ်ဟာ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ စပိန်ဟာ တောင်ပံကစားသမား ပီနိုရဲ့ဦးဆောင်ဂိုးနဲ့ ပထမပိုင်းအတွင်းဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အိုယာဇာဘယ်လ်က အနိုင်သေချာစေမယ့်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အိုယာဇာဘယ်လ်ဟာ ယခု ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်တစ်နှစ်တာကာလအတွင်း စပိန်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိရှိလာခဲ့ပြီဖြစ်ပြီး သူ့ထက် ပမာဏများပြားတဲ့ကစားသမားဟာ နော်ဝေးတိုက်စစ်မှူး အာလင်းဟာလန်း (၁၅) ကြိမ်သာရှိနေတာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ စပိန်ဟာ အသင်းရဲ့ကြယ်ပွင့်တွေဖြစ်တဲ့လာမိုင်းယာမယ်လ်၊ ဒင်းန်ဟွိုင်ဆန်နဲ့ နီကိုဝီလီယမ်တတို့လိုကစားသမားတွေကို အသုံးပြုနိုင်ခဲ့ခြင်းမရှိပေမယ့် သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲကိုတော့ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဖွန်တေက "အိုယာဇာဘယ်လ်က ပြီးပြည့်စုံတဲ့ကစားသမားပါ။ သူက နေရာတိုင်းမှာ ခြေစွမ်းပြနိုင်ပါတယ်။ တိုက်စစ်ပိုင်း၊ တောင်ပံနဲ့ ကွင်းလယ်အထိပါ စွယ်စုံရတဲ့ကစားသမားပါ။ သူက ခြေစွမ်းပြသလောက် ချီးကျူးမခံရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်"
"ကံကောင်းစွာနဲ့ပဲကစားသမားရွေးချယ်ခွင့်ကျွန်တော့်မှာရှိနေပါတယ်။ အသင်းမှာ လူငယ်ကြယ်ပွင့်ကစားသမားတွေကို အသုံးမပြု နိုင်တဲ့အခါ ကျွန်တော်တို့အတွက် ဘယ်ကစားသမားတွေက တကယ်အရေးပါလဲဆိုတာ စစ်ထုတ်လာနိုင်ခဲ့ပါတယ်။ လူငယ်တွေက ဒဏ်ရာပြဿနာစိုးရိမ်စရာတော့မရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီယာကို ၂ ဂိုးပြတ်အနိုင်ရခဲ့တဲ့စပိန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အုပ်စုအတွင်း ၃ ပွဲကစား ၃ ပွဲနိုင် ပေးဂိုးမရှိနဲ့ ထိပ်ဆုံးနေရာမှာပြတ်ပြတ်သားသားရပ်တည်နေပြီး လာမယ့်အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဘူလ်ဂေးရီးယားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။