The network connection is lost.

Banner Image

အသင်းရဲ့နောက်ခံလူ ဂျိမ်းစ်ဟေးလ်ရဲ့တိုးတက်မှုကို ဘုန်းမောက်နည်းပြ အီရာအိုလာချီးကျူး

ဘုန်းမောက်အသင်းနည်းပြ အန်ဒိုနီ အီရာအိုလာက ဒီရာသီမှာ ဂျိမ်းစ်ဟေးလ် ပြသနေတဲ့ ခြေစွမ်းအပေါ်မှာ အလွန်ပဲ ကျေနပ်အားရမိကြောင်း ပြောကြားလာခဲ့ပါတယ်။

အီရာအိုလာက ဒီရာသီမှာ လူသိပ်မထားမိကြတဲ့ ဒီနောက်ခံလူရဲ့ တိုးတက်မှုတွေအကြောင်းကို အထူးတလည် ချီးကျူးပြောဆိုလာခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကို အနိုင်မရခင်မှာ အီရာအိုလာက "ကျွန်တော့်အမြင်မှာတော့ ဂျိမ်းစ်ဟေးလ်လို ကစားသမားမျိုး ရှိတာဟာ နည်းပြတစ်ယောက်အတွက်တော့ စိတ်ကူးအိပ်မက်တစ်ခုပါပဲ။ သူ ပွဲထွက်ကစားခွင့်မရတဲ့အချိန်တုန်းကလည်း ကျွန်တော် သူ့ကို ပြောဖူးပါတယ်။ မင်း ပွဲမကစားရပေမဲ့ မင်းကို ၁၀ ရာသီစာ စာချုပ်သက်တမ်းတိုးချင်တယ်၊ ကျွန်တော့်စိတ်ကြိုက်သာဆိုရင် မင်းကို အမြဲတမ်းအတွက်တောင် စာချုပ်ချုပ်ထားချင်တယ်လို့ ပြောခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက အသင်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်လို့ပါ" လို့ ပြောခဲ့ပါတယ်။

"ဘာလို့လဲဆိုတော့ သူတို့လိုလူတွေက ပွဲမကစားရပေမဲ့ လေ့ကျင့်ရေးမှာတော့ အဆင့်မြင့်မြင့် အကောင်းဆုံး လုပ်ဆောင်ကြပါတယ်။ တနင်္လာနေ့တိုင်းလို လေ့ကျင့်ဖို့ ခက်ခဲတဲ့နေ့မျိုးမှာတောင် သူတို့က အစွမ်းကုန် ကြိုးစားကြတယ်။ အခုလို သူ ထိုက်ထိုက်တန်တန် ပြန်ရလာတာကို မြင်ရလို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ တခါတလေကျရင် ဒီလိုကြိုးစားတဲ့ ကစားသမားမျိုး ရှိတတ်ပေမဲ့ အခွင့်အရေးနဲ့ မကြုံရတတ်တာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ အချိန်အခါရောက်လာဖို့အတွက် အလုံအလောက် ကြိုးစားအားထုတ်ခဲ့ပြီး အခုတော့ အဲဒီအတွက် အကျိုးကျေးဇူးတွေကို ခံစားနေရပြီလို့ ကျွန်တော် ထင်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

ဒါ့အပြင် အီရာအိုလာက "ဘလက်ဘန်းကနေ သူပြန်လာတုန်းကလည်း ပွဲထွက်ကစားခွင့်ရပြီး ခြေစွမ်းပြခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ်၊ အဲဒီနောက်မှာ ဒဏ်ရာ ထပ်ရသွားခဲ့တာပါ။ အဲဒီအချိန်ကတော့ သူ နည်းနည်း နောက်ကျကျန်ခဲ့တာမျိုး ဖြစ်နိုင်ပေမဲ့ အခုတော့ ပြန်ပြီး တိုက်ပွဲဝင် ကြိုးစားခဲ့လို့ အကောင်းဆုံး ကစားနိုင်နေပါပြီ။ အသင်းမှာ ဒီလို စိတ်ရှည်သည်းခံတတ်တဲ့ ကစားသမားမျိုး ရှိဖို့ လိုအပ်တာမို့လို့ ကျွန်တော့်အတွက်တော့ တကယ့်ကို ကောင်းမွန်ပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။