The network connection is lost.

Banner Image

ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ရေဒါထဲရောက်ရှိလာတဲ့ ဘုန်းမောက်ကြယ်ပွင့်ခရူပီ

ဘုန်းမောက်ရဲ့လူငယ်ကြယ်ပွင့်ခရူပီက သူ့မှာ ထိပ်တန်းကလပ်အသင်းကြီးတွေအတွက် ကစားပေးချင်တဲ့ အိပ်မက်တစ်ခုရှိတယ်လို့ ဝန်ခံပြောဆိုပြီးနောက် ဥရောပထိပ်တန်းကလပ်အသင်းတွေရဲ့မျက်စိကျမှုကို ရရှိလာပါတယ်။

အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားက နည်းပြအီရာအိုလာ လက်အောက်မှာ ထူးထူးခြားခြားခြေစွမ်းပြနေသူတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲထွက်ကစားသမားအဖြစ် ၁၃ ပွဲသာ ပါဝင်ကစားထားရပေမယ့် ရှစ်ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

ဒီလိုခြေစွမ်းပြသနေမှုကြောင့် သူ့ကို လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီး အစရှိတဲ့အသင်းကြီးတွေနဲ့ သတင်းတွေထွက်ပေါ်စေပြီး ခရူပီကိုယ်တိုင်လည်း အခုလို အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုရရှိနေခြင်းအပေါ် သဘောကျနေပြန်ပါတယ်။

Telefoot နဲ့အင်တာဗျူးတစ်ခုမှာ ခရူပီက သူရဲ့ကြီးမားလှတဲ့ရည်မှန်းချက်တွေအကြောင်း ပြောကြားသွားခဲ့ပါတယ်။

"ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ လက်ရှိဘုန်းမောက်အသင်းမှာ ကျွန်တော် လုပ်ပြရမယ့်ပုံစံအတိုင်း အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ပါပဲ။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့" ဟု ၎င်းက ဆိုပါသည်။

ဆက်လက်ပြီး ခရူပီက "အရင်ကတော့ ကျွန်တော့်မှာ ဘလွန်းဒီအော်(Ballon d'Or) ဆုကို ရယူဖို့နဲ့ ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတွေမှာ ကစားခွင့်ရဖို့ဆိုတဲ့အိပ်မက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒါတွေက အိပ်မက်သက်သက် မဟုတ်တော့ဘဲ လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေ ဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေကို လက်တွေ့ဖြစ်လာအောင် ကျွန်တော်လုပ်နိုင်မယ်ဆိုတာ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ရောက်ရှိချင်တဲ့နေရာဆီ ရောက်နိုင်ဖို့အတွက် အခုကတည်းက အစွမ်းကုန်ကြိုးစားနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။