ဘုန်းမောက်နဲ့ သရေကျခဲ့တဲ့ပွဲအပေါ် ဘရန်ဖို့ဒ်နည်းပြ ကိတ်အန်ဒရူး ကျေနပ်အားရမှုရှိ
ဘုန်းမောက်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘရန်ဖို့ဒ်နည်းပြ ကိတ်အန်ဒရူးက ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့ညက ဒီန်းကော့တ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘရန်ဖို့ဒ်အသင်းဟာ ၀-၀ နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အန်ဒရူးက "ကျွန်တော်တို့ ကစားသွားတဲ့ အချက်အလက် တော်တော်များများအပေါ် ကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက ၃ ဂိုးပေးခဲ့ရတဲ့အတွက် ဘောလုံးမရှိတဲ့အချိန်မှာ ကစားရမယ့် အခြေခံအချက်တွေကို ပြန်ပြီး ပြင်ဆင်ခဲ့ကြတယ်၊ ဒါကိုလည်း ကစားသမားတွေက တကယ်ကို ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။
"ရှေ့ကနေ ဖိအားပေးတာပဲဖြစ်ဖြစ်၊ ကိုယ့်ဂိုးဧရိယာထဲမှာပဲ ခံစစ်ပိတ်ဆို့တာပဲဖြစ်ဖြစ် ဘောလုံးမရှိတဲ့အချိန်မှာ အသင်းလိုက် စုပေါင်းပြီး ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာတော့ ကျွန်တော်တို့ အရင်ကလောက် အကောင်းဆုံး မစွမ်းဆောင်နိုင်ခဲ့တာမျိုး ရှိနိုင်ပေမဲ့ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါ၊ ပြိုင်ဘက်အသင်းကလည်း ကျွန်တော်တို့ကို ဟန့်တားဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေနဲ့ ပြင်ဆင်လာတာကြောင့်လည်း ပါပါတယ်" လို့လည်း ၎င်းက ဆက်ပြောပါတယ်။
ပွဲကစားချိန် ပထမပိုင်းမှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ရီကိုဟင်နရီနဲ့ ပတ်သက်ပြီးတော့လည်း အန်ဒရူးက "သူ့ရဲ့ ပေါင်နောက်ကြောကြွက်သား နည်းနည်းစုတ်ပြဲသွားတာပါ။ သူ့ရဲ့ ခြေစွမ်းက တကယ်ကို မြင့်မားတဲ့ အဆင့်မှာ ရှိနေတာပါ။ ပွဲစစချင်းမှာပဲ သူ့ကို ဆုံးရှုံးလိုက်ရတာဟာ စိတ်မကောင်းစရာပါပဲ၊ ဒဏ်ရာက သိပ်မပြင်းထန်ဖို့ပဲ မျှော်လင့်ပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။