နစ္စတယ်ရွိုင်းရဲ့ကူညီမှုနဲ့အတူ ရက်ရှ်ဖို့ဒ် ပုံမှန်ခြေစွမ်းပြန်ရလာမယ်လို့ ပြောကြားလိုက်တဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ အသင်းရဲ့ကြယ်ပွင့်ကစားသမား မားကက်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ လာမယ့်ရာသီမှာတော့ လက်ထောက်နည်းပြသစ် ဗန်နစ္စတယ်ရွိုင်းရဲ့ကူညီမှုနဲ့အတူ ပုံမှန်ခြေစွမ်းပြရလိမ့်မယ်လို့ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။
တန်ဟက်ရဲ့ ယူနိုက်တက်နည်းပြပထမဆုံး ရာသီမှာ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းယူပြီး တစ်ရှိန်ထိုး တောက်ပခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာတော့ ၈ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ အသက်-၂၆ နှစ်အရွယ်ကစားသမားကို ဒီနွေရာသီမှာပဲ ရောင်းချနိုင်ချေရှိတယ်လို့ သိရပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ မွေးရပ်မြေအသင်းကနေ ထွက်ခွာဖွယ်မရှိပါဘူး။
နည်းပြ တန်ဟက်အနေနဲ့လည်း ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရတဲ့ကစားသမားကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကလည်း လက်ထောက်နည်းပြအဖြစ်နဲ့ အသင်းသို့ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် တန်ဟက်က နစ္စတယ်ရွိုင်းလက်အောက်မှာ ရက်ရှ်ဖို့ဒ်အနေနဲ့ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
တန်ဟက်က "နစ္စတယ်ရွိုင်းဒီကိုရောက် လာတာက အသင်းရဲ့တိုက်စစ်မှူးတွေကို အကူအညီပေးဖို့ပါပဲ။ ဒါပေမယ့် သူကဒီထက်ပိုပါတယ်။ ရက်ရှ်ဖို့ဒ်ကို တိုးတက်အောင်ကူညီပြီး သက်သေပြပါလိမ့်မယ်။ ရက်ရှ်ဖို့ဒ်က အရည်အချင်းပြည့်ဝပြီး ဂိုးတွေအများကြီးသွင်းယူနိုင်တဲ့ကစားသမားပါ။ အသက်ကလည်း ငယ်သေးတော့ လုပ်နိုင်စွမ်းအများကြီးရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂိုးသွင်းနှုန်းမျိုးပြန်ရလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးမှ ပေါင်သန်း ၆၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ မေဆင်မောင့်နဲ့ပတ်သက်ပြီးတော့လည်း တန်ဟက်က "ရာသီတစ်ခုတည်းနဲ့တော့ သူ့ရဲ့အရည်အသွေးကို ဆုံးဖြတ်လို့မရပါဘူး။ ပြီးတော့ ပြီးခဲ့တဲ့ရာသီမှာ သူဒဏ်ရာရနေခဲ့တာပါ။ ကြံ့ခိုင်မှုပြည့်ဝရင် သူက အရမ်းကောင်းတဲ့ကစားသမားပါ။ အသင်းထဲမှာ သူ့လိုကစားသမားမျိုးကိုလိုအပ်ပြီး သူက ကျွန်တော်တို့ကြိ အကူအညီတွေအများကြီးပေးနိုင်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မကြာသေးမီကမှ ဒေါ့မွန်မှပြန်ရောက်လာခဲ့တဲ့ ဂျေဒန်ဆန်ချိုနဲ့ ခြေစွမ်းညံ့ဖျင်းမှုကြောင့် ဝေဖန်ခံနေရတဲ့ အန်တိုနီတို့အကြောင်းမေးမြန်းရာမှာ တန်ဟက်က "သူတို့ ၂ ယောက်ကမတူညီတဲ့ ကစားပုံနဲ့ ကွဲပြားခြားနားတဲ့ကစားသမားတွေပါ။ နှစ်ယောက်က အခြေခံနေရာမတူကြပေမယ့် အသင်းအတွက် အနိုင်ရလိုစိတ်ပြင်းထန်ကြသူတွေပါ။ အရမ်းကောင်းတဲ့ကစားသမားတွေပါ" လို့ဖြေကြားခဲ့ပါတယ်။