
ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို ဟာလန်းကျော်ဖြတ်နိုင်တယ်လို့ ဂွါဒီယိုလာအခိုင်အမာပြော
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက နာပိုလီကိုအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး အာလင်းဟာလန်းဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
နာပိုလီကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဟာလန်းဟာ ချန်ပီယံလိဂ် ၄၉ ပွဲမှာ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တာကြောင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းရဲ့ ၆၂ ပွဲ ဂိုး ၅၀ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြဖြစ်ပါတယ်။ ဟာလန်းဟာ အခုမှ အသက်-၂၅ နှစ်သာရှိသေးတာကြောင့် ဂွါဒီယိုလာက နော်ဝေးလက်ရွေးစင်အနေနဲ့ ပုံမှန်အတိုင်း ဂိုးတွေဆက်သွင်းနိုင်မယ်ဆိုပါက ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ၁၄၁ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်တယ်လို့ ဆိုပါတယ်။
ဂွါဒီယိုလာက "လက်ရှိပုံစံအတိုင်း ဆက်ထိန်းထားနိုင်ရင်တော့ သူစံချိန်သစ်တင်နိုင်ပါလိမ့်မယ်။ လာမယ့် ၁၀ နှစ် ၁၂ နှစ်လောက်အထိကစားနိုင်ပြီး ဒဏ်ရာလည်းမရဘူးဆိုရင် သူက ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ သူ့ကိုရထားတာ ကံကောင်းပါတယ်။ အရင်တုန်းက ချန်ပီယံလိဂ်မှာ နစ္စတယ်ရွိုင်း၊ လီဝန်ဒေါစကီး၊ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရှိခဲ့ပြီး အခုတော့ ဟာလန်းပေါ့" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နာပိုလီအသင်းခေါင်းဆောင် ဒီလော်ရန်ဇို စောစောစီးစီး အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် မန်စီးတီးအနေနဲ့ ပွဲကို သာသာယာယာထိန်းချုပ်ပြီး အိမ်ကွင်းမှာ အနိုင် ၃ မှတ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအတွက်ဂိုးတွေကို ဟာလန်းနဲ့ဒိုကူတို့က ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၆၅ မိနစ်တွေမှာသွင်းယူပေးခဲ့ကြပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "၁၁ ယောက် ၁၀ ယောက်ဖြစ်သွားချိန်မှာ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ နာပိုလီက အီတလီသွေးအပြည့်ပါတဲ့အသင်းဖြစ်ပြီး ခံစစ်မှာ ကောင်းကောင်းပိတ်ဆော့ပြီး စိတ်ဓာတ်ပိုင်းမှာ အရမ်းသန်မာပါတယ်။ ဒီအသင်းကိုနိုင်ဖို့က အရမ်းအရမ်းကိုခက်တာပါ။ တစ်ယောက်အသာနဲ့ကစားရလို့ လွယ်ကူမယ်လို့ ထင်မိပေမယ့် ထင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။
နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက "တစ်ယောက်ထုတ်ခံလိုက်ရပြီးနောက်မှာ ပွဲက ပြောင်းလဲသွားပါတယ်။ အသင်းအနေနဲ့ သရေရလဒ်ကို ဦးတည်ပြီးကစားခဲ့ပေမယ့် ကစားသမားတွေဆီက လိုတာထပ်ပိုပြီး မျှော်လင့်လို့မရပါဘူး။မန်စီးတီးက ဒီပြိုင်ပွဲမှာ ရင့်ကျက်နေတဲ့အသင်းပါ။ သူတို့က ကျွန်တော်တို့ကို ၅ ဂိုး ၆ ဂိုးလောက်အထိသွင်းချင်ခဲ့ပေမယ့် ကျွန်တော်တို့ ခွင့်မပြုခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နာပိုလီက ကစားသမားတစ်ယောက်ထုတ်ပယ်ခံခဲ့ရတာကြောင့် နောက်တန်းကို အင်အားဖြည့်တင်းဖို့ ကွန်တီအနေနဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းကိုထုတ်ပယ်ပြီး အိုလီဗီယာနဲ့ လူစားလဲခဲ့ရပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံသားအနေနဲ့လည်း အီတီဟတ်ကို ပြိုင်ဘက်အဖြစ် ပြန်လည်ရောက်ရှိခဲ့ပေမယ့် ၂၆ မိနစ်လောက်သာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။