The network connection is lost.

Banner Image

အန်ဖီးလ်မှာ ပရိသတ်အချို့ရဲ့ဝေဖန်သံနဲ့ရင်ဆိုင်ခဲ့ရသူ အာနိုးလ်ကို ကာကွယ်ပေးခဲ့တဲ့ ရော်ဘတ်ဆန်

ယမန်နေ့ညပိုင်း၊ အိမ်ကွင်းမှာ အာဆင်နယ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပရိသတ်အချို့ရဲ့ ဝေဖန်သံနဲ့ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးအသင်းဖော်အာနိုးလ်ကို ရော်ဘတ်ဆန်က ကာကွယ်ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ခုအပါအဝင် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ အာနိုးလ်က အခုဘောလုံးရာသီကုန်ဆုံးပြီးနောက် သူ့ရဲ့စာချုပ်သက်တမ်းပြည့်မြောက်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာမယ်လို့  လွန်ခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာပဲ ကြေညာခဲ့ပါတယ်။

အာနိုးလ်က အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ကွင်းအတွင်းသို့ အသက်-၂၆ နှစ်အရွယ်ကစားသမား ဝင်ရောက်လာချိန် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေတဲ့ပရိသတ်အချို့ရဲ့ဝိုင်းဝန်းရှုံ့ချသံလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် ရော်ဘတ်ဆန်က “ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ခံစားမှုမျိုးစုံ ရှိနေပါတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကျွန်တော် ဘယ်လိုခံစားရသလဲဆိုတာ မပြောမိဖို့၊ ခင်ဗျား ဘယ်လိုခံစားရသလဲဆိုတာ မပြောမိစေဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင် လုပ်နိုင်မယ့်အရာကတော့ ကျွန်တော့်ရဲ့ခံစားချက်ဘယ်လိုရှိသလဲဆိုသလဲဆိုတာ ပြောပြခြင်းပါပဲ။

ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အကောင်းဆုံးအသင်းဖော်ကို ဆုံးရှုံးရလို့ ကျွန်တော် စိတ်ပျက်မိခဲ့ပါတယ်။ ပွဲအတွင်းမှာဆိုရင် ကျွန်တော်တို့တွေက အရာအားလုံးကို အတူတကွပုံဖော်ကြရပါတယ်။ အာနိုးလ်က အံ့သြစရာကောင်းတဲ့ လူပုဂ္ဂိုလ်၊ ဘောလုံးသမားတစ်ဦး ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လာအောင် ဖန်တီးပေးခဲ့ပြီး ဒါက ကျွန်တော် အမှန်တရားကို ပြောပြနေခြင်း ဖြစ်ပါတယ်။ သူက ကျွန်တော်ဘယ်တုန်းကမှမရောက်ခဲ့ဖူးတဲ့ အဆင့်အတန်းမျိုးအထိ ကျွန်တော့်ကို ဆွဲခေါ်လာခဲ့တာပါ။ ကောင်းမွန်တဲ့နှစ်တွေတလျှောက်လုံး သူက ကျွန်တော့်ကို တွန်းအားတွေ ဆက်တိုက်ပေးနေခဲ့ပါတယ်။

ရွေးချယ်မှုတစ်ခုကိုပဲ သူလုပ်ခဲ့တာပါ။ ဒီကလပ်အသင်းမှာ သူချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ အာနိုးလ်ဆွတ်ခူးနိုင်ခဲ့တဲ့ ဆုဖလားတွေ၊ အသင်းသမိုင်းတလျှောက် အမြဲတည်ရှိနေမယ့် သူ့ရဲ့အခိုက်အတန့်တွေ အားလုံးပါပဲ။ ဒါက စိတ်လှုပ်ရှားစရာဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အကောင်းဆုံးမိတ်ဆွေအပေါ် ဝေဖန်နေမှုကို မြင်တွေ့ရတာ ပျော်စရာမကောင်းပါဘူး။ တကယ်ပျော်စရာမကောင်းတာပါ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့က လူတွေကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုပြီး အမိန့်ပေးလို့ မရပါဘူး”လို့ ပြောပါတယ်။ 

ဆက်လက်ပြီး လီဗာပူးနည်းပြအန်းစလော့ကလည်း ပရိသတ်တိုင်းမှာ ထင်မြင်ချက်မျိုးစုံထားပိုင်ခွင့် ရှိတယ်လို့ ပြောပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက “ အာနိုးလ်အတွက် ပျော်ရွှင်ပေးနေတဲ့လူတွေရှိသလို အာနိုးလ်အတွက် မပျော်ရွှင်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ သူ့အတွက်လည်း လက်ခုပ်တီးပေးသူတွေ ရှိပါတယ်။ အချို့ကတော့ Boo ဆိုပြီး ဝိုင်းဝန်းအော်ဟစ်ကြပါတယ်။

Boo ဆိုပြီး ဝိုင်းအော်ဟစ်သူအနည်းငယ်ကို ပစ်မှတ်ထားပြီး လီဗာပူးအသိုင်းအဝိုင်းတစ်ခုလုံးကို ပြောမယ်ဆိုရင် မမျှတပါဘူး။ သူတို့တွေ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်ကိုလည်း အော်ဟစ်နိုင်ပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် တကယ်ကိုအပြုသဘောဆောင်သူအများစုလည်း ရှိခဲ့ပါတယ်”လို့ ဆိုပါတယ်။ လီဗာပူးအသင်းမှာ ပွဲ ၃၅၀ ကျော် ပါဝင်ကစားခဲ့တဲ့ အာနိုးလ်အတွက် ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ကြီးကြီးမားမားရှိခဲ့ပါတယ်။