မိမိတို့ကိုယ်တိုင်သိရှိထားတဲ့အဆင့်ဆီ ပြန်ရောက်ရှိအောင် ကြိုးစားသွားရမယ်လို့ ဆိုလိုက်တဲ့ ရော်ဘတ်ဆန်
မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး ရော်ဘတ်ဆန်က လီဗာပူးအသင်းအနေဖြင့် ပိုမိုတည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ လိုအပ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်တို့ကို ပေးဂိုးမဲ့အနိုင်ယူပြီးနောက် အီတီဟတ်ကွင်းဆီ အားမာန်အပြည့်ဖြင့် ချီတက်လာခဲ့ပါတယ်။
ဒါပေမဲ့ မန်ချက်စတာမြေမှာတော့ ခြေစွမ်းပြသနိုင်ဖို့ သူတို့တွေရုန်းကန်ခဲ့ရပြီး နိုဝင်ဘာနိုင်ငံတကာသီတင်းပတ် မတိုင်ခင် ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်သွားရပါတယ်။ ဒါ့အပြင် လီဗာပူးက ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန် ငါးပွဲအထိရှုံးနိမ့်ကာ အမှတ်ပေးဇယားအဋ္ဌမနေရာဆီ ရောက်ရှိသွားပါတယ်။
ပွဲစဉ်အပြီး လီဗာပူးရဲ့အခြေအနေနဲ့ပတ်သက်လို့ ဒုတိယအသင်းခေါင်းဆောင်ရော်ဘတ်ဆန်က “ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကမှ ရာသီဝက်မတိုင်ခင်အထိ အမှတ်ပေးဇယားကို အမှန်တကယ်ကြည့်ရှုနေလိမ့်မယ်လို့ မထင်ပါဘူး။ ဒါကိုပဲ ကျွန်တော်တို့လည်း လုပ်သွားရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီထက်ပိုမိုတည်ငြိမ်တဲ့ ပုံစံနဲ့ ရမှတ်တွေစုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ခရစ္စမတ်(သို့မဟုတ်) အချိန်တစ်ခုခုလောက်မှာ ကျွန်တော်တို့တွေ ဘယ်နေရာဆီရောက်ရှိသွားပြီလဲဆိုတာ စောင့်ကြည့်သွားကြမယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်သွားရပါမယ်။
ဘယ်အဆင့်မှာပဲ ရောက်နေပါစေ၊ ရာသီအစောပိုင်းလောက်မှာ ချန်ပီယံဆုအကြောင်း ပြောနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုမေးခွန်းထုတ်နိုင်ဖို့အတွက် ပွဲစဉ်တွေကို အဆက်မပြတ်အနိုင်ရရှိနေဖို့ လိုအပ်ပါတယ်။ အဝတ်လဲခန်းထဲမှာပဲဖြစ်ဖြစ်၊ အခြားတနေရာမှာပဲဖြစ်ဖြစ် ဒီအကြောင်းအရာအတွက် မေးခွန်းထုတ်နေစရာတောင် မလိုဘူးဆိုတာ သေချာပါတယ်။
ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်တိုင်သိရှိထားတဲ့ အဆင့်အတန်းတစ်ခုဆီ ပြန်ရောက်ရှိသွားအောင် ကြိုးစားသွားဖို့ပဲ လိုအပ်ပါတယ်။ အထူးသဖြင့် အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ပွဲစဉ်တွေမှာ ကျွန်တော်တို့ ယူဆောင်လာတဲ့ အဆင့်အတန်းမျိုး ပြန်ရရှိဖို့ပါပဲ။ ဒါမျိုးသာ ပုံမှန်လုပ်သွားနိုင်မယ်ဆိုရင် ရမှတ်တွေ ပိုမိုစုဆောင်းလာနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့လည်း အရမ်းကောင်းတဲ့ရက်သတ္တပတ်တစ်ခုအဖြစ် အဆုံးသတ်နိုင်ဖို့ လိုလားခဲ့ပေမယ့် အဲ့ဒီလိုမျိုး မဖြစ်လာခဲ့ပါဘူး။ ကျွန်တော်တို့အတွက် တိုးတက်မှုတွေရှိခဲ့ပြီး နောက်ပိုင်းမှာ ထိုးနှက်ချက်တစ်ခုကို ရင်ဆိုင်လိုက်ရပါတယ်”လို့ ပြောပါတယ်။