လီဗာပူးကြယ်ပွင့်ရော်ဘတ်ဆန်အတွက် တရားဝင်ကမ်းလှမ်းမှုလုပ်ဆောင်လာတဲ့ တော့တင်ဟမ်
တော့တင်ဟမ်က အံ့အားသင့်ဖွယ်လှုပ်ရှားမှုုအဖြစ် လီဗာပူးကြယ်ပွင့်ရော်ဘတ်ဆန်အတွက် ပထမဆုံးကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် တစ်ပတ်ကျော်ကာလအတွင်း အံ့အားသင့်စရာတွေ မရှိလာနိုင်ဘူးဆိုတဲ့ နည်းပြအန်းစလော့ရဲ့ထုတ်ဖော်ပြောဆိုမှုအပြီး နာရီပိုင်းအကြာမှာ တော့တင်ဟမ်က ရော်ဘတ်ဆန်ကိုခေါ်ယူဖို့ ချဉ်းကပ်လာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ဟူးလ်စီးတီးမှ လီဗာပူးဆီ ပြောင်းရွှေ့ကြေးပေါင် ၈ သန်းဝန်းကျင်ဖြင့်ရောက်ရှိလာတဲ့ စကော့တလန်လက်ရွေးစင်က အသင်းနဲ့အတူ အောင်မြင်မှုများစွာ ဆွတ်ခူးခဲ့ပြီး မာဆေးဆိုဒ်ရဲ့ဂန္တဝင်တစ်ဦးအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလမှာလည်း ရော်ဘတ်ဆန်က အက်သလက်တီကိုမက်ဒရစ်ဆီရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ လတ်တလောမှာ အခုရာသီပြီးမြောက်ချိန် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားကိုခေါ်ယူဖို့ တော့တင်ဟမ်အသင်း အဆင်သင့်ဖြစ်နေပါပြီ။
အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ဆောင်းရာသီအပြောင်းအရွှေ့ကာလရဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံးလှုပ်ရှားမှုတွေအနက် တစ်ခုကို မြောက်လန်ဒန်အခြေစိုက်ကလပ်အသင်း ပထမဆုံးအကြိမ်ပြုလုပ်လာတယ်လို့ သိရပါတယ်။
ရိုမာနိုက “ တော့တင်ဟမ်က ရော်ဘတ်ဆန်အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လီဗာပူးနဲ့ တော့တင်ဟမ်အကြား ဘယ်နောက်ခံလူအတွက် ဆွေးနွေးမှုတွေ ရှေ့ဆက်နေပါတယ်။ တော့တင်ဟမ်ကိုယ်တိုင်လည်း ဆွေးနွေးမှုတွေကို ကောင်းကောင်းလုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။ နောက်ဆက်တွဲအဖြစ် လီဗာပူးက ရော်ဘတ်ဆန်ကိုလက်လွှတ်ရမယ်ဆိုရင် ရိုးမားဆီအငှားချထားတဲ့ ဆီမီကတ်စ်ကို ပြန်လည်ခေါ်ယူဖို့စဉ်းစားလာတယ်လို့ သိရပါတယ်။