The network connection is lost.

Banner Image

ရီးရဲလ်ကြယ်ပွင့် အန်းဒရစ်ခ်ကိုခေါ်ယူဖို့ ယူနိုက်တက်ကို ဆာဟာ တိုက်တွန်း

မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ် တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက ရီးရဲလ်မက်ဒရစ်ရဲ့ အန်းဒရစ်ခ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကို အကြံပြုလိုက်ပါတယ်။

အန်းဒရစ်ခ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ လိုင်ယွန်အသင်းအတွက် ပြင်သစ် လီဂူးဝမ်းမှာ ၆ ပွဲကစား ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒီဘရာဇီးလ်လူငယ်လေးကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်မိတာနဲ့ ပတ်သက်ပြီး ရီးရဲလ်ဘက်က နောင်တရနေလောက်ပါပြီ။

စပိန်မှာ ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသက် ၁၉ နှစ်အရွယ် အန်းဒရစ်ခ်ဟာ သူ့ရဲ့ ခြေစွမ်းတိုးတက်လာဖို့ အငှားထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ဒီဆုံးဖြတ်ချက်ဟာ သူ့အတွက် အောင်မြင်မှုတွေ ရရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အန်းဒရစ်ခ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာကတည်းက အခြေခံပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း၊ အပိုဆုကြေး ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ဒါဟာ တန်လွန်းတဲ့ ခေါ်ယူမှုတစ်ခုလို ဖြစ်နေပါပြီ။

နွေရာသီ အပြောင်းအရွှေ့ နီးကပ်လာတာနဲ့အမျှ သူဟာ နောက်ထပ်တစ်ကြိမ် အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဆာဟာကတော့ ယူနိုက်တက်အနေနဲ့ ဒီလူငယ်လေးကို ဘယ်လိုမျိုး အရယူနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး CasinoHawks ကို ပြောပြခဲ့ပါတယ်။

"အန်းဒရစ်ခ်ဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ အသက်ငယ်ပေမဲ့ စွမ်းဆောင်ရည် အပြည့်ရှိသလို စိတ်ဓာတ်ပိုင်းလည်း အရမ်းကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်ရှိပါတယ်။ သူဟာ အသင်းအတွက် ချက်ချင်းဆိုသလို အာမခံချက် ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ဘာသာ အခွင့်အရေးတွေ ဖန်တီးနိုင်သလို ကိုက် ၂၀၊ ၂၅ လောက်ကနေလည်း ဂိုးကန်သွင်းနိုင်တာကြောင့် သူ့ဆီကနေ ဂိုးရဖို့ အခွင့်အရေးတွေ အမြဲရှိနေမယ်ဆိုတာ သိနိုင်ပါတယ်။ သူဟာ အရမ်းမြန်သလို အရမ်းလည်း သန်မာပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်က သူ့ကို စောစောစီးစီး ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ အမ်ဘာပေ ရောက်လာတာကြောင့် သူ့အတွက် ရီးရဲလ်မှာ နေရာရဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ သူဟာ ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး သူ့ကို ယူနိုက်တက်မှာ မြင်တွေ့ရတာက အရမ်းကို ထူးခြားပါလိမ့်မယ်။ ဒါပေမဲ့ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ကလပ်အသင်း အများအပြားက သူ့ကို စိတ်ဝင်စားနေကြမှာပါ" လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာတော့ အန်းဒရစ်ခ်ဟာ လိုင်ယွန်မှာ ဆက်ရှိနေဆဲဖြစ်ပြီး အကယ်၍ သူ့ရဲ့ ခြေစွမ်းကောင်းတွေသာ ဆက်ရှိနေမယ်ဆိုရင် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ပိုပြီးတော့ ထွက်ပေါ်လာဖို့ပဲ ရှိနေပါတယ်။