The network connection is lost.

Banner Image

အာဆင်နယ်တိုက်စစ်မှူးသစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ပေါလ်စခိုးလ်

ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က အာဆင်နယ်တိုက်စစ်မှူးသစ် ယိုကရက်စ်ဟာ အာတီတာရဲ့တိုက်စစ်မြှားဦးကို ဦးဆောင်နိုင်မယ့်သူမဟုတ်ဘူးလို့ ထင်မြင်နေပါတယ်။ ဆွီဒင်သားဟာ ပေါင် ၆၄ သန်းနဲ့ စပို့တင်းအသင်းထံကနေ အာဆင်နယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ယိုကရက်စ်တစ်ယောက် အာတီတာရဲ့နည်းစနစ်မှာ ဘယ်လိုအံဝင်မလဲဆိုတာ သံသယဝင်နေကြပါတယ်။ စပို့တင်းစတားဟောင်းဟာ အင်္ဂလန်မြေမှာကစားဖူးခဲ့တာဖြစ်ပြီး ကိုဗင်ထရီ နဲ့ ဘရိုက်တန်တို့မှာကစားခဲ့ပြီးနောက် စပို့တင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့နောက် စပို့တင်းအတွက် ၁၀၂ ပွဲမှာ ၉၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ၅၄ ပွဲမှာ ၅၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဥရောပအသင်းတော်တော်များများက စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်က အသာရခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က တိုက်စစ်မှူး လိုအပ်ပါတယ်။ သူတို့မှန်ကန်တဲ့ရွေးချယ်မှုလုပ်ခဲ့လားဆိုတာ ကျွန်တော်အံ့အားသင့်မိပါတယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက သံသယဖြစ်နေကြလို့ပါ။  အာတီတာက တကယ်သူ့ကိုလိုချင်ခဲ့လားဆိုတာ ကျွန်တော်အံ့အားသင့်မိပါတယ်။ ကျွန်တော်လည်း မသေချာသလို အခုသူလည်းအတူတူပဲနေမှာပါ။ သူ့မှာတကယ်ထူးဆန်းတဲ့ကစားသမားဘဝလမ်းကြောင်းရှိခဲ့ပါတယ်။ ဘရိုက်တန် နဲ့ ကိုဗင်ထရီမှာပါ။ အဲ့နောက် စပို့တင်းမှာ ဂိုးသွင်းစံချိန်တင်နိုင်ခဲ့ပါတယ်။ အဲ့တာကို မေ့ထားလို့တော့မရပါဘူး။ တကယ်လို့ သူ့ကိုအခွင့်အရေးဖန်တီးပေးနိုင်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ အာဆင်နယ်အနေနဲ့လည်း သူ့ကိုထောက်ပံ့ပေးနိုင်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

စခိုးလ်က အာဆင်နယ်ရဲ့နည်းစနစ်ကြောင့် ယိုကရက်စ်ရဲ့ကစားဟန်အဆင်မပြေမှာကို စိုးရိမ်နေပါတယ်။ စပို့တင်းမှာ ယိုကရက်စ်ဟာ တန်ပြန်တိုက်စစ်ကစားဟန်ကို အသုံးပြုလေ့ရှိတာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ သာမန်အားဖြင့် ဘောလုံးပိုင်ဆိုင်မှုကိုအသားပေးလေ့ရှိတာဖြစ်ပြီး ကျဉ်းမြောင်းတဲ့နေရာလွတ်တွေမှာ ရွှေ့လျားရတာဖြစ်ပါတယ်။

“ယိုကရက်စ်က စပို့တင်းမှာ တန်ပြန်တိုက်စစ်ကိုအများကြီးအားပြုကစားလေ့ရှိပါတယ်။ အာဆင်နယ်မှာတော့ အဲ့တာနဲ့မတူသလို သူတို့က ဘောလုံးပိုင်ဆိုင်မှုကိုအသားပေးလေ့ရှိတာဖြစ်ပြီး တိုင်ပင်ကိုက်ပြေးလွှားနိုင်ဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့ အဲ့အတွက် လျင်မြန်ဖို့လိုအပ်သလို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ သူက အဲ့လိုတိုက်စစ်မှူးလားဆိုတာ ကြည့်ရပါမယ်။ အီဆက် အဲ့လိုလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

ယိုကရက်စ်အဲ့လိုလုပ်နိုင်လားဆိုတာ ကြည့်ရပါမယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။ ယိုကရက်စ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်နဲ့အတူ ပွဲဦးထွက်အဖြစ် တော့တင်ဟမ်နဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အဆိုပါပွဲမှာ အရေးနိမ့်ခဲ့သလို ဆွီဒင်သားကလည်း ထိချက် ၂ ချက်သာ ထိနိုင်ခဲ့တဲ့အထိ မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ခြေစမ်းပွဲ ၂ ပွဲကန်ဦးမှာဖြစ်ပြီး ယိုကရက်စ်ကတော့ အဆိုပါ ၂ ပွဲမှာ ကြံ့ခိုင်မှုအပြင် အသင်းဖော်တွေနဲ့ နားလည်မှုတည်ဆောက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။