The network connection is lost.

Banner Image

ယော်ကရက်စ်တစ်ယောက် ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်နေမယ်ဆိုတာ သံသယမရှိကြောင်း အာတီတာအခိုင်အမာပြော

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ဗီလာရီးရဲလ်ကို ၂-၃ နဲ့အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခဲ့တဲ့ တိုက်စစ်မှူးသစ် ဗစ်တာယော်ကရက်စ်အနေနဲ့ အဆိုပါပွဲစဉ်မှာ ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာယှဉ်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေမယ်ဆိုတာ သံသယမရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ယော်ကရက်စ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအကုန်မှာ စပို့တင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၆၃.၅ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညက ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဆွီဒင်လက်ရွေးစင်အနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် နည်းပြ အာတီတာကတော့ ကစားသမားအပေါ်မှာ ယုံကြည်ချက်အပြည့်ရှိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

အာတီတာက "ယော်ကရက်စ်အနေနဲ့ အသင်းအတွက်စတင်ပွဲထွက်ကစားနိုင်ဖို့ အရေးကြီးတာကြောင့် ကျွန်တော်တို့သူ့ကို ဒီပွဲမှာပဲ စတင်အသုံးပြုခဲ့တာပါ။ သူ့ရဲ့အရည်အချင်းတွေကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားအများစုက အသင်းသစ်ကိုရောက်ကာစမှာ အခုသူကစားခဲ့သလိုမျိုး အချိန်အကြာကြီးကစားဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခုသူ့ရဲ့အခြေအနေက ကောင်းတယ်လို့ ပြောရမှာပါ။ သူ့အနေနဲ့ နောက်ထပ် ၁၀၀ ရာခိုင်နှုန်းလောက် ထပ်ကြိုးစားရမယ်ဆိုတာလည်း နားလည်ပါတယ်။ ပရီးမီးယားလိဂ်အတွက် သူအဆင်သင့်ဖြစ်နေမယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယော်ကရက်စ်အနေနဲ့ အာဆင်နယ်ကစားသမားဘဝ ပွဲဦးထွက်သွင်းဂိုးကို ရရှိဖို့နီးစပ်ခဲ့ပေမယ့် ဗီလာရီးရဲလ်ရဲ့နောက်တန်းတွေ ခြေစွမ်းပြနေတာကြောင့် သွင်းဂိုးနဲ့တော့ လွဲချော်ခဲ့ပါတယ်။ ဆွီဒင်သားဟာ ၂၀၂၃ ခုနှစ်မှာ ကိုဗင်ထရီမှ စပို့တင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပေါ်တူဂီလိဂ်မှာ ၂ ရာသီအတွင်း ၆၈ ဂိုးအထိသွင်းယူကာ ဥရောပထိပ်တန်း လိဂ် ၁၀ ခုအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ 

ယခုဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ယော်ကရက်စ်ဟာ ဘောလုံးထိချက် ၁၄ ကြိမ်သာရှိခဲ့ပြီး ဘောလုံးပေးပို့မှု ၄ ကြိမ်ပြုလုပ်ခဲ့ကာ ပွဲကစားချိန် ၆၃ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ ယော်ကရက်စ်သာမက ယခုနွေရာသီအတွင်း ချဲလ်ဆီးမှ ပြောင်းရွှေ့လာခဲ့တဲ့ နိုနီမာဒူကီကလည်း ယခုပွဲစဉ်မှာ အာဆင်နယ်အတွက် စတင်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ မာဒူကီနဲ့ပတ်သက်ပြီး အာတီတာက "သူက အသင်းနဲ့အမြန်ဆုံးချိတ်ဆက်လိုကြောင်း ပြောခဲ့ပြီး ဒီပွဲမှာ သူလုပ်ပြခဲ့တာတွေက အသိအမှတ်ပြုစရာပါ။ အသင်းအတွက်ကစားပေးဖို့ သူ့မှာ ဆန္ဒအပြည့်အဝရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စပိန်ကလပ် ဘီလ်ဘာအိုနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရပါမယ်။