မိုက်ကယ်ကာရစ်ကို ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ်အခွင့်အရေးပေးဖို့ထိုက်တန်ကြောင်းပြောကြားလာတဲ့ အီဗရာ
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ပက်ထရစ်အီဗရာက အသင်းရဲ့ နောက်ထပ် အမြဲတမ်းနည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဒီနှစ်အစောပိုင်းမှာ ရူဘင်အာမိုရင်ဆီကနေ အသင်းကို လွှဲပြောင်းရယူခဲ့ပြီးနောက် ယူနိုက်တက်ကို တည်ငြိမ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ရုံတင်မကဘဲ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ နီးစပ်တဲ့ အသင်းတစ်သင်းဖြစ်အောင်ပါ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၄ ပွဲလုံးမှာ အနိုင်ရရှိခဲ့သလို ရာသီအကုန်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ ရေပန်းအစားဆုံးသူလည်း ဖြစ်နေပါတယ်။
Stake နဲ့ အင်တာဗျူးမှာတော့ ပက်ထရစ်အီဗရာက ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်မှုဖြစ်ပေမဲ့ မိုက်ကယ်ကာရစ်ကိုလည်း အခွင့်အရေး ပေးသင့်တယ်လို့ ယုံကြည်နေပါတယ်။
"ကျွန်တော် ယူနိုက်တက်ဘုတ်အဖွဲ့ ဒါမှမဟုတ် ဆာဂျင်ရတ်ကလစ်ဖ်တို့နဲ့ စကားပြောနေတာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပွင့်ပွင့်လင်းလင်း သဘောထားကို ပြောရရင်တော့ ပီအက်စ်ဂျီ ဒါမှမဟုတ် နက်ဆာ အယ်လ်ခလိုင်ဖီကို မလေးစားတာမျိုး မဟုတ်ပေမဲ့ လူးဝစ်အင်းနရစ်ဟာ ယူနိုက်တက်အတွက်တော့ အိပ်မက်ဆန်တဲ့ နည်းပြတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် သူ့ကို သဘောကျတယ်၊ သူ့ရဲ့ ဘောလုံးဒဿနကိုလည်း ကြိုက်တယ်၊ သူ ဖြတ်သန်းခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာ ဘဝအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပုံတွေက သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနေပါတယ်။ မက်ဆီ၊ အမ်ဘာပေ ဒါမှမဟုတ် နေမာတို့ မပါဘဲနဲ့ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖလား ရအောင် ယူပေးခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။"
"ယူနိုက်တက်မှာ ကစားဖို့ဆိုရင် ကစားသမားတွေက တကယ်ကို ကြိုးစားအားထုတ်ရမှာ ဖြစ်သလို အများကြီးလည်း ပြေးကြရပါလိမ့်မယ်၊ လူးဝစ်အင်းနရစ်က အဲဒီလို ပုံစံမျိုးကို ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ကာရစ်ကိုလည်း လျှော့မတွက်သင့်ဘူးလို့ ထင်တယ်၊ သူ အကောင်းဆုံး စွမ်းဆောင်ပေးထားတာမို့ သူ့ကို အခွင့်အရေး ပေးဖို့ လိုပါတယ်။"
"လူတွေက ယူနိုက်တက်အတွက် နာမည်ကျော် နည်းပြကောင်းတစ်ယောက်ကို လိုချင်ကြတာပါ၊ ဒါပေမဲ့ အခုအချိန်မှာတော့ အသင်းနဲ့ ကစားသမားတွေကို နားလည်တဲ့သူမျိုးကို ပိုပြီး လိုအပ်နေတာပါ။ လူးဝစ်အင်းနရစ်က နည်းစနစ်ပိုင်းမှာ ပါရမီရှင်တစ်ယောက်ဖြစ်သလို ကစားသမားတွေအပေါ်မှာလည်း ကိုင်တွယ်မှု ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ မိုက်ကယ်ကာရစ်ကတော့ အခွင့်အရေးနဲ့ ထိုက်တန်သူလို့ ကျွန်တော် ထင်ပါတယ်။" လို့ ပက်ထရစ်အီဗရာက ဆိုပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီမှာပဲ အမြဲတမ်းနည်းပြသစ်ကို ခန့်အပ်ဖို့ ဆုံးဖြတ်ထားကြပြီး မိုက်ကယ်ကာရစ်ကတော့ လာမယ့်ရာသီမှာ အသင်းကို ဆက်လက် ဦးဆောင်ခွင့်ရဖို့ မျှော်လင့်နေပါလိမ့်မယ်။