The network connection is lost.

Banner Image

အနားယူပြီးနောက်ပိုင်း သူအကြိုက်ဆုံးပွဲစဉ်က ချဲလ်ဆီးနဲ့ ဝရက်ဇ်ဟမ်းပွဲစဉ်ဖြစ်တယ်လို့ ဝိန်းရွန်းနီ ဆို

ပရီးမီးယားလိဂ်ဂန္ထဝင် ဝိန်းရွန်းနီက ချဲလ်ဆီးနဲ့ ဝရက်ဇ်ဟမ်းတို့ရဲ့ FA ဖလားပွဲစဉ်အပေါ် ချီးကျူးစကား ဆိုလိုက်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပရီမီယာလိဂ်ထိပ်သီး ချဲလ်ဆီးအသင်းဟာ ချန်ပီယံရှစ်ကလပ်ကို ကျော်ဖြတ်ဖို့ အချိန်ပိုအထိ ကစားခဲ့ရပြီး Racecourse Ground ကွင်းမှာ ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ တကယ့်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

ပဉ္စမအဆင့်ပွဲစဉ်ဖြစ်တဲ့ ဒီပွဲမှာ ချန်ပီယံရှစ်ကလပ် ဝရက်ဇ်ဟမ်းဟာ ဆမ်စမစ်နဲ့ အကောင်းဆုံးကစားသမားဆုရ ကာလမ်ဒွိုင်းတို့ရဲ့ ဂိုးတွေကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း နည်းပြ လီယမ်ရိုဆင်နီယာ လက်အောက်က ချဲလ်ဆီးအသင်းသားတွေဟာ အနိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားကစားခဲ့ရပါတယ်။

နောက်ဆုံးမှာ ချဲလ်ဆီးက အနိုင်ရသွားပေမဲ့ ဝရက်ဇ်ဟမ်းကတော့ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲထက်တောင် ဒီပွဲက ပိုကောင်းခဲ့တယ်လို့ ဝိန်းရွန်းနီက ချီးကျူးခဲ့ပါတယ်။

"တကယ်တော့ ကျွန်တော် ဘောလုံးကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ဒီပွဲက အပျော်ရဆုံးနဲ့ အနှစ်သက်ဆုံးပွဲပါပဲ" လို့ ဝိန်းရွန်းနီက BBC Sport ကို ပြောပါတယ်။

"ကွင်းအတွင်းက အငွေ့အသက်တွေနဲ့ ပရိသတ်တွေက တကယ်ကို ကောင်းပါတယ်။ ကွင်းထဲကို သွားဖို့အတွက် ပရိသတ်တွေကြားထဲက ဖြတ်လျှောက်ခဲ့ရပေမဲ့ သူတို့က တကယ့်ကို ဖော်ရွေကြပါတယ်။ ကျွန်တော့်ဘဝမှာ ကွင်းတစ်ခုကို သွားပြီး ဘယ်သူ့ဆီကမှ လှောင်ပြောင်တာမခံရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်နိုင်ပါတယ်။ အငွေ့အသက်တင်မကဘဲ ပွဲကလည်း တကယ်ကောင်းပါတယ်။ ဝရက်ဇ်ဟမ်းက တကယ်ကို ထူးထူးခြားခြား ကောင်းမွန်ခဲ့ပါတယ်"

"အရင်က ကျွန်တော် အနှစ်သက်ဆုံးပွဲက ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ဘာစီလိုနာနဲ့ အင်တာမီလန်ပွဲပါ။ အခုတော့ ဒီပွဲက အဲ့ဒီပွဲကို ကျော်တက်သွားပါပြီ။ ကျွန်တော် တကယ်ကို သဘောကျမိပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဝိန်းရွန်းနီအတွက် ဝရက်ဇ်ဟမ်းဟာ အမှတ်တရရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလတုန်းက အဲဗာတန်အသင်းမှာ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမားလေးအဖြစ် လိဂ်ဖလားပွဲစဉ်မှာ ဝရက်ဇ်ဟမ်းအိမ်ကွင်းကို သွားရောက်ကစားစဉ် ၂ ဂိုးသွင်းယူပြီး ၃-၀ နဲ့ အနိုင်ရအောင် ကူညီပေးခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။