
ပေါင် ၆၄ သန်းတန်တိုက်စစ်မှူးကို ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အာတီတာ
မီခေးလ်အာတီတာက မန်ချက်စတာယူနိုက်တက်အပေါ် ၁-၀ ဂိုးဖြင့် ဂန်းနားတို့အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို ဘတ်စကတ်ဘောပွဲစဉ်တစ်ခုနဲ့ အလားသဏ္ဍာန်တူတယ်လို့ တင်စားလိုက်ပြီး ဒီလိုအခြေအနေတွေကြောင့်ပဲ ယော်ကာရက်စ်ရဲ့အားသာချက်တွေကို အသုံးမချနိုင်ခဲ့ဘူးလို့ ရှင်းပြပါတယ်။
ယမန်နေ့၊ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရချိန် အာဆင်နယ်တို့ အနိုင်သုံးမှတ်အပြည့် ရယူနိုင်ခဲ့ပေမယ့် ဂန်းနားကစားသမားသစ်ယော်ကာရက်စ်ကတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုပွဲစဉ်မှာ ဘရိုက်တန်တိုက်စစ်မှူးဟောင်းက ပွဲချိန်မိနစ် ၆၀ အထိ ပါဝင်ကစားခဲ့ပေမယ့် အခွင့်အရေးဖန်တီးနိုင်ခြင်း မရှိသလို ဂိုးပေါက်တည့်ကန်ချက်လည်း မရှိခဲ့ပါဘူး။ ဒါ့အပြင် သူက သရဲနီတွေရဲ့ဂိုးဧရိယာထဲမှာ ဘောလုံးထိချက်သုံးကြိမ်သာ ရှိခဲ့သလို တစ်ဦးချင်းဘောလုံးယှဉ်လုမှု ၁၃ ကြိမ်မှာလည်း သုံးကြိမ်သာ အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုအချက်အလက်တွေ ရှိထားပေမယ့် အာတီတာကတော့ အစွမ်းကုန်အားထုတ်ကြိုးစားခဲ့ပြီး အရာမထင်ဖြစ်ခဲ့တဲ့ ဆွီဒင်သားအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဂန်းနားနည်းပြက “ ကျွန်တော်တို့အတွက် ဘောလုံးလမ်းကြောင်းပွင့်သွားပြီး တိုက်စစ်ဆင်လို့ရမယ့် အခြေအနေ ခုနစ်ခု၊ ရှစ်ခုလောက်အထိ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က ဘောလုံးကို အဝေးဆီ ပေးပို့ခဲ့သလို ဒီနောက်မှာတော့ ဘတ်စကတ်ဘောပွဲစဉ်တစ်ခုလို ဖြစ်သွားပါတယ်”လို့ ပြောပါတယ်။
ယော်ကာရက်စ်နဲ့ပတ်သက်လို့လည်း စပိန်သားနည်းပြက “ ကောင်းပြီ၊ ဒီပွဲစဉ်မှာ ယော်ကာရက်စ်လည်း အရမ်းကောင်းတဲ့အရာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့တောင်းဆိုထားတဲ့ အသင်းလိုက်စည်းဝါးညီမှုနဲ့ အမြင့်ဆုံးဖိအားပေးကစားဟန်မျိုးရရှိဖို့ အချိန်အနည်းငယ်ပေးခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ဒီအပိုင်းမှာ ယော်ကာရက်စ်နဲ့အတူ ကျွန်တော်တို့ ကြိုးစားသွားရမယ့်အရာတွေ ရှိပါတယ်။ နောက်ပြီး အဆုံးသတ်ပိုင်းတွေမှာလည်း သူ့အတွက် လုပ်နိုင်ကိုင်နိုင်မယ့်အခွင့်အလမ်း အများကြီးမရရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးပေးပို့မှုတွေ သူ့ဆီရောက်ရှိဖို့ အခက်အခဲရှိနေခဲ့လို့ပါ။ သူ့ရဲ့အရည်အသွေးကို အသုံးချနိုင်မယ့် ဘောလုံးပေးပို့မှုပုံစံမျိုး ကျွန်တော်တို့ မစီမံပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ခြုံပြီးပြောရရင်တော့ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အာဆင်နယ်နဲ့အတူ အနိုင်ရရှိခဲ့တဲ့ ပွဲဦးထွက်ဆိုတာ ကောင်းမွန်တဲ့စတင်မှုတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အာဆင်နယ်ပရိသတ်တေက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူပေးဖို့ အသင်းဆီ ကာလရှည်တောင်းဆိုခဲ့ဖူးပါတယ်။ အခုနွေရာသီ၊ စပို့တင်းတိုက်စစ်မှူးယော်ကာရက်စ်ကို ပေါင် ၆၄ သန်းအသုံးပြုကာ ခေါ်ယူပြီးနောက် အများစုက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပျောက်ဆုံးသွားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲကို ရှာဖွေနိုင်တော့မယ်လို့ ယုံကြည်လာကြပါတယ်။ ဒါပေမဲ့ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်ရင် အသက်-၂၇ နှစ်အရွယ်ကစားသမားရဲ့အကောင်းဆုံးပုံစံထွက်ပေါ်လာဖို့ တိုက်စစ်မှူးနဲ့ ဂန်းနားအသင်းဖော်တွေအကြား အဆက်အစပ်ရှိတဲ့ကစားပုံတစ်ခုဖော်ဆောင်သွားနိုင်ရန် လိုအပ်ပါတယ်။ ပြောဖို့တော့ အတော်လေးစောနေသေးပေမယ့် ယူနိုက်တက်နဲပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ အရာတွေက အချို့ပရိသတ်တွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။
အာဆင်နယ်အသင်းလည်း ပရီးမီးယားလိဂ်ဒုတိယမြောက်ပွဲစဉ်အဖြစ် လာမယ့်စနေနေ့၊ တန်းတက်လိဒ်ကို ဧည့်ခံကစားရချိန် ကိုဗင်ထရီစီးတီးကြယ်ပွင့်ဟောင်း ဂိုးပေါက်ရှာဖွေနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒီမတိုင်ခင်မှာတော့ ယော်ကာရက်စ်ရဲ့အကောင်းဆုံးပုံစံထွက်ပေါ်လာဖို့ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို အာတီတာကိုယ်တိုင် အပြင်းအထန်ပုံသွင်းပေးနေလိမ့်မယ်ဆိုတာ သံသယမရှိလိုက်ပါနဲ့။