ဘရိုက်တန်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဟင်ရှယ်ဝုဒ်ကြောင့် နည်းပြဟာဇယ်လာ ဝမ်းသာအားရဖြစ်နေ
ဘရိုက်တန်အသင်းက ကွင်းလယ်လူဂျက်ဟင်ရှယ်ဝုဒ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဟင်ရှယ်ဝုဒ်က အသင်းနဲ့အတူ ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
ဘရိုက်တန်နည်းပြဟာဇလာက "ဟင်ရှယ်ဝုဒ်ရဲ့အနာဂတ်ကို ဒီကလပ်မှာပဲ ဆက်ပြီးနှစ်မြှုပ်ထားနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ဝမ်းသာမိပါတယ်။ သူ့မှာ တောက်ပတဲ့အနာဂတ်ရှိနေပြီး အချိန်နဲ့အမျှ ပိုပြီးတော့လည်း တိုးတက်လာနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "ဟင်ရှယ်ဝုဒ်ကာ ကျွန်တော်တို့အကယ်ဒမီကစားသမားလေးတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်သလို သူ ဒီမှာရှိနေစဉ်အတွင်း အကယ်ဒမီဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုတွေကို အကောင်းဆုံးသက်သေပြနေသူလည်း ဖြစ်ပါတယ်။ အသက်အရွယ်ငယ်ငယ်လေးနဲ့ အသင်းကြီးမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ကျွန်တော် ဒီကိုစရောက်တဲ့အချိန်မှာပဲ သူက စီနီယာအသင်းနဲ့ အပြည့်အဝတသားတည်း ဖြစ်နေခဲ့ပါပြီ။ အခုဆိုရင် သူက အသင်းဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တစ်ဦးအဖြစ်ပါ ကြီးပြင်းလာနေပါပြီ။ သူက ကလပ်အသင်းနဲ့ အခုလို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်လို့ ကျွန်တော်တို့ တကယ်ဝမ်းသာပါတယ်" လို့လည်း ဟာဇလာက ဆိုပါတယ်။