ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုရဲ့ အစီအစဉ်အတိုင်း ကြံ့ခိုင်မှုတည်ဆောက်သွားမယ့် အမ်ဘာပေ
ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေဟာ အသင်းသစ် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ပြီးနောက်မှာတော့ ခရစ္စတီယာနိုရော်နယ်ဒိုပြုလုပ်ခဲ့တဲ့ အစီအစဉ်အတိုင်း ကြံ့ခိုင်မှုတည်ဆောက်သွားမယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။
ပြင်သစ်အသင်းကနေ ထွက်ခွာတာနဲ့ တပြိုင်နက် ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်သွားရမှာဖြစ်လို့ အမ်ဘာပေဟာ နွေရာသီအားလပ်ရပ်ကို အပြည့်အဝအနားယူသွားနိုင်မှာ မဟုတ်ပါဘူး။ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်ကြယ်ပွင့်ကို အသင်းရဲ့ကစားသမားဟောင်း ရော်နယ်ဒိုပြုလုပ်ခဲ့တဲ့ အစီအစဉ်အတိုင်း ကြံ့ခိုင်မှုတည်ဆောက်ခိုင်းသွားမယ်လို့ သိရပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ပြီးနောက်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုပြီး နှစ်ပေါင်းများစွာကြာ သတင်းထွက်ခဲ့တဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့တဲ့ တိုက်စစ်ကစားသမားဟာ ယခုအခါမှာတော့ ၃၆ ကြိမ်မြောက် လာလီဂါချန်ပီယံတွေနဲ့ တရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။
သတင်းတွေအရ ရီးရဲလ်မက်ဒရစ်နဲ့ နည်းပြအန်ဆယ်လော့တီတို့ဟာ ပြင်သစ်အသင်းမှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ အမ်ဘာပေကို အသင်းသို့ စတင်ရောက်ရှိချိန်မှာစပြီး ကြံ့ခိုင်မှုပိုင်းကို ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာ ရခဲ့တာကြောင့် ကစားပုံက အားရစရာမရှိခဲ့ဘဲ ၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ကြံ့ခိုင်ရေးနည်းပြ အန်တိုနီယိုပင်တက်စ်က ကစားသမားရဲ့ကြံ့ခိုင်ရေးအတွက် အထူးအစီအစဉ်ပြုလုပ်ထားပြီး အဆိုပါအစီအစဉ်ကို ရော်နယ်ဒိုလည်း လုပ်ဆောင်ခဲ့ဖူးတယ်လို့သိရပါတယ်။ အန်တိုနီယိုဟာ စည်းကမ်းတင်းကျပ်ပြီး ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်းအုပ်ချုပ်တတ်တာကြောင့် တပ်ကြပ်ကြီးလို့ နာမည်ပြောင်ပေးခံထားရသလို သူဟာ ချဲလ်ဆီးနဲ့ အင်တာမီလန်တို့အပါအဝင် ဥရောပထိပ်သီးကလပ်တွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အန်တိုနီယိုနဲ့ ယခင်က အလုပ်တွဲမလုပ်ဖူးပေမယ့် ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိချိန်မှာတော့ စတင်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားခဲ့ပါတယ်။ The Sun ရဲ့အဆိုအရ အန်တိုနီယိုရဲ့ ကြံ့ခိုင်ရေးအစီအစဉ်တွေက ရော်နယ်ဒိုကို ထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့ပြီး ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ များစွာအထောက်အကူဖြစ်စေခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် အမ်ဘာပေအနေနဲ့လည်း ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာတော့ ရော်နယ်ဒိုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးအစီအစဉ်တွေနဲ့ စတင်ကြုံတွေ့ရဖို့ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို အင်္ဂါနေ့မှာ အသင်းရဲ့ကစားသမားသစ်အဖြစ် စတင်မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါ အခမ်းအနားကို ပရိသတ် ၈ သောင်းအထိ တက်ရောက်ဖွယ်ရှိနေတယ်လို့သိရပါတယ်။ အမ်ဘာပေအနေနဲ့ ကျောနံပါတ် ၉ အင်္ကျီကို ဝတ်ဆင်မယ်လို့ကြေညာထားပြီး ဇီဒန်းအပါအဝင် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားအချို့လည်း မိတ်ဆက်ပွဲကို လာရောက်ကြမယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။