ရီးရဲလ်မက်ဒရစ်အသင်းစံချိန်ကို လိုက်မီပြီးနောက် စီရော်နယ်ဒိုကို ဂုဏ်ပြုစကားပြောဆိုလိုက်တဲ့ အမ်ဘာပေ
ဆီဗီလာအပေါ် ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေနေ့အောင်ပွဲက ဘာနေဗျူးမှာ နောက်ကျပယ်နယ်တီနဲ့အတူ ၂၀၂၅ ခုနှစ်အတွင်း ၅၉ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအမ်ဘာပေအတွက် ထူးရှယ်နေ့ရက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အမ်ဘာပေက ၂၀၂၃ ခုနှစ်အတွင်း စီရော်နယ်ဒို မှတ်တမ်းရေးထိုးထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းစံချိန်တစ်ခုကို လိုက်မီခဲ့ပါတယ်။
ကျစ်လစ်တောင့်တင်းတဲ့ ဆီဗီလာခံစစ်နဲ့ရင်ဆိုင်ရချိန် အကျိုးသက်ရောက်မှုတစ်ခုပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အမ်ဘာပေရဲ့ပြီးပြည့်စုံမှုအရှိဆုံးစွမ်းဆောင်ရည်ကို အခုပွဲစဉ်မှာ မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံးအရာကတော့ သူ့ရဲ့သွင်းဂိုးပဲဖြစ်ပါတယ်။ ပွဲစဉ်အပြီး အမ်ဘာပေက အသင်းရဲ့စံချိန်ကို လိုက်မီခဲ့ပုံအကြောင်း ပြောပြသလို စီရော်နယ်ဒိုကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အမ်ဘာပေက “ နေ့ထူးနေ့မြတ်တစ်ခုပါ။ ကျွန်တော့်ရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။ ကလေးဘဝမှာကတည်းက ကျွန်တော့်ရဲ့မွေးနေ့မှာ ပရော်ဖက်ရှင်နယ်ပွဲစဉ်တစ်ခုကစားဖို့ဆိုတဲ့ အိပ်မက်တစ်ခု ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့အိပ်မက်ကလပ်အသင်းတစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့အတူ ကစားသွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် နိုင်ပွဲရရှိဖို့ဆိုတာ အထူးအရေးကြီးပါတယ်။ ရည်မှန်းချက်လည်း ဖြစ်ခဲ့ပါတယ်။ စံချိန်ပါ တင်လိုက်တယ်ဆိုတော့ အံ့မခန်းဖြစ်သွားခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးလောကရဲ့ရည်ညွှန်းချက်တစ်ခု၊ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အကောင်းဆုံးဖြစ်တဲ့ ကျွန်တော့်ရဲ့ Idol လိုမျိုးစွမ်းဆောင်ရည်ကို ကျွန်တော့်ရဲ့ပထမဆုံးနှစ်မှာတင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ့လိုမျိုးပဲ အောင်ပွဲခံတဲ့အချိန် မျက်စိတစ်ဖက်မှိတ်ပြချင်ခဲ့ပါတယ်။ သူက ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော် နေသားကျသွားအောင် အမြဲတမ်းချစ်ခင်ကြင်နာစွာ ဆက်ဆံပေးခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်း စကားတွေ အများကြီးပြောဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အောင်ပွဲခံမှုပုံစံတွေ ရှိပေမယ့် သူ့ကိုရည်စူးပြီး သူ့လိုပဲ အောင်ပွဲခံသွားချင်ပါတယ်။ သူနဲ့ ကျွန်တော်အကြားမှာ အရမ်းကောင်းတဲ့ဆက်ဆံရေးတစ်ရပ် ရှိပါတယ်။ မက်ဒရစ်ပရိသတ်တွေအားလုံးအတွက် ပျော်ရွှင်ဖွယ်ခရစ္စမတ်ကာလဖြစ်ပါစေ”လို့ ဆုတောင်းပြောကြားပါတယ်။
၂၀၂၅ ခုနှစ်အတွက် ရီးရဲလ်မက်ဒရစ်ရဲ့နောက်ဆုံးပွဲစဉ်အပြီး ကလပ်အသင်းပရိသတ်တွေဆီလည်း အမ်ဘာပေက ချီးကျူးဂုဏ်ပြုစကား ပေးပို့ခဲ့ပါတယ်။
သူက “ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရီးရဲလ်မက်ဒရစ်ပရိသတ်အားလုံး ကျွန်တော်တို့နဲ့အတူ အစဉ်အမြဲ အတူရှိနေခဲ့ပါတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ဒီပရိသတ်တွေအတွက် ကျွန်တော်တို့ရဲ့ဘဝကို ပေးဆပ်သွားပါမယ်။ ဒါတွေဟာ စကားလုံးသက်သက်ပဲ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်ရဲ့ ခမ်းနားလှတဲ့သမိုင်းကြောင်းနဲ့ ဒီအမှတ်တံဆိပ်ကို ကျွန်တော်တို့တွေ ဂရုစိုက်သွားချင်ပါတယ်”လို့ ပြောပါတယ်။