ရိုဒရီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ မန်စီးတီး အသင့်ရှိနေ
မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်လူ ရိုဒရီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့်ရှိနေပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်စီးတီးက ဒီဘလွန်းဒီအောဆုရှင်ကို စာချုပ်သစ် ကမ်းလှမ်းထားပေမဲ့ အသင်းတာဝန်ရှိသူတွေကတော့ သူ့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ ရိုဒရီရဲ့ ပြောကြားချက်အပေါ် အသင်းဒါရိုက်တာတွေက စိတ်ပျက်နေကြတာပါ။
အဲဒီနောက်မှာတော့ ရိုဒရီက သူ့ရဲ့စကားတွေကို အဓိပ္ပာယ်လွဲအောင် လုပ်ကြံဖော်ပြခဲ့တာလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရိုဒရီအနေနဲ့ ဒီနွေရာသီမှာ အသင်းကနေ တကယ်ထွက်ခွာချင်တယ်ဆိုရင် မန်စီးတီးဘက်က တားဆီးမှာ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုကလည်း "မန်စီးတီးဟာ ရိုဒရီကို စာချုပ်သစ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ရိုဒရီကို စိတ်ဝင်စားနေပြီး ဆုံးဖြတ်ချက်ကတော့ ကစားသမားကိုယ်တိုင်နဲ့ သူ့မိသားစုပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ ရိုဒရီက စာချုပ်သစ်ကို ငြင်းပယ်ခဲ့ရင် မန်စီးတီးက ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး အများအပြား တောင်းဆိုသွားမှာဖြစ်သလို၊ အဲဒီလိုမှမဟုတ်ရင်လည်း ၂၀၂၇ မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးသွားမှာပါ" လို့ ဖော်ပြထားပါတယ်။