ဘင်ဖီကာရဲ့ နော်ဝေးကြယ်ပွင့်လေးကို ခေါ်ယူဖို့အတွက် ရပ်ရှ်ဖို့ဒ်ကို လက်လွှတ်ဖို့ ဘာစီလိုနာ စဉ်းစားနေ
ဘာစီလိုနာအသင်းဟာ ဘင်ဖီကာတောင်ပံကစားသမား အန်ဒရီးယပ်စ် ရှယ်လ်ဒရပ်ပ်ကို ခေါ်ယူဖို့အတွက် အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဘာစီလိုနာဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ နေရာမှာ ဒီနော်ဝေးလက်ရွေးစင်ကစားသမားလေးကို အစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။
ဘင်ဖီကာအသင်းက အသက် ၂၁ နှစ်အရွယ် ရှယ်လ်ဒရပ်ပ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်း သတ်မှတ်ထားပါတယ်။ ဒါဟာ ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူရမယ့် တန်ဖိုးထက် ယူရို ၁၀ သန်းလောက် ပိုမိုသက်သာနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေကိုဟာ ရာဖင်ညာရဲ့နေရာမှာ အရန်အဖြစ် အသုံးပြုနိုင်ဖို့အတွက် ကစားသမားအတော်များများကို ရှာဖွေနေတာပါ။ ပထမဆုံးပစ်မှတ်က ရပ်ရှ်ဖို့ဒ်ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နွေရာသီက မန်ယူနဲ့ သဘောတူထားတဲ့ ယူရို ၃၀ သန်းတန် အပြီးသတ်ဝယ်ယူခွင့်က အခုချိန်မှာ ဈေးကြီးလွန်းတယ်လို့ ဘာဆာဘက်က ယူဆနေပါတယ်။ တစ်ဖက်မှာလည်း မန်ယူအသင်းက အခုလောလောဆယ်မှာ ဈေးညှိနှိုင်းပေးဖို့ အစီအစဉ် မရှိသေးပါဘူး။
ဒီလိုအခြေအနေတွေကြောင့် ဘာစီလိုနာက အပြောင်းအရွှေ့အတွက် ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပြီး အသင်းတာဝန်ရှိသူတွေရော ကစားသမားတွေပါ သဘောကျနေတဲ့သူကတော့ ရှယ်လ်ဒရပ်ပ်ပဲ ဖြစ်ပါတယ်။ သူက ရပ်ရှ်ဖို့ဒ်နဲ့ ပုံစံမတူဘဲ အသက် ၂၁ နှစ်ပဲ ရှိသေးတာကြောင့် အသင်းရဲ့ အနာဂတ်အတွက် ပိုပြီးရင်းနှီးမြှုပ်နှံသင့်တဲ့သူလို့ ယူဆရပါတယ်။
ရှယ်လ်ဒရပ်ပ်ဟာ တောင်ပံတင်မကဘဲ တိုက်စစ်ပိုင်းနေရာအစုံမှာ ကစားနိုင်သူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် ရပ်ရှ်ဖို့ဒ်လောက် အတွေ့အကြုံမရှိသေးပေမဲ့ ဘင်ဖီကာအတွက် ၇၉ ပွဲကစားပေးထားပြီး ၁၂ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။