The network connection is lost.

Banner Image

အယ်လ်နာဆာမှာ ပွဲမကစားဘဲ ဆန္ဒပြနေတဲ့ ရော်နယ်ဒိုကို ဆော်ဒီမီဒီယာတွေ ပြင်းပြင်းထန်ထန် ဝေဖန်

အယ်လ်နာဆာအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းအတွက် ပွဲမကစားဘဲ ဆန္ဒပြနေတာကြောင့် ဆော်ဒီအာရေဗျ ဒေသတွင်း မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ အသင်းရဲ့ နောက်ဆုံးနှစ်ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (ပီအိုင်အက်ဖ်) ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အယ်လ်နာဆာထက် အယ်လ်ဟီလယ်အသင်းကို ပိုမိုမျက်နှာသာပေး ကူညီနေတယ်လို့ ယူဆရတဲ့အတွက် ပေါ်တူဂီကြယ်ပွင့်က အခုလို ကန့်ကွက်ဆန္ဒပြနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နာမည်ကျော် ရုပ်သံဝေဖန်ရေးသမား ဝါလစ် အယ်လ်ဖာရက်ခ်က ရော်နယ်ဒိုကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး “ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ အခြေအနေမှန်ကို သူသိဖို့ လိုပါတယ်။ ဒီနိုင်ငံဟာ ဆော်ဒီအာရေဗျလို့ ခေါ်တာဖြစ်ပြီး ရော်နယ်ဒိုရအာရေဗျ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ သံတမန်တစ်ယောက် ဖြစ်ရမယ့် တာဝန်နဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်ရမယ့် တာဝန်ကို ရောထွေးနေတယ်လို့လည်း ၎င်းက ထောက်ပြခဲ့ပါတယ်။

“ဒါက တကယ်ကို စိတ်ပျက်စရာပါ။ သူဟာ ဥရောပမှာ ရခဲ့တာထက် ပိုများတဲ့ ဒေါ်လာသန်းချီ လစာငွေကို ရရှိနေတဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်တာကြောင့် ဒီလိဂ်ကို လေးစားဖို့ လိုပါတယ်။ အဲဒီလို မလေးစားနိုင်ဘူးဆိုရင်တော့ သူ ထွက်သွားသင့်ပါတယ်” လို့ အယ်လ်ဖာရက်ခ်က ဖွင့်ဟခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်မှာရှိတဲ့ မန်ချက်စတာ စီးတီး ဒါမှမဟုတ် အာဆင်နယ် ကစားသမားတစ်ယောက်က အခုလို ကန့်ကွက်ပြီး ပွဲမကစားဖို့ ငြင်းဆန်တာမျိုးဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စရပ်မျိုး ဖြစ်တယ်လို့လည်း ၎င်းက နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး အယ်လ်ဖာရက်ခ်က ရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျနိုင်ငံကို ကျေးဇူးအများကြီး တင်သင့်ကြောင်းနဲ့ ဆော်ဒီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကူညီမှုမပါဘဲ သူဟာ အိမ်ဖြူတော်ထဲကို ဘယ်တော့မှ ခြေချနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နောက်ဆုံးမှာတော့ ၎င်းက အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်ရဲ့ စကားကို ကိုးကားပြီး “သူ့ကို အချိန် နှစ်ပေါင်း ၅၀၀ လောက် ပေးလိုက်ရင်တောင် သူဟာ အဲဒီတံခါးကို ဖြတ်ပြီး လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး” လို့ သရော်ပြီး ပြောကြားသွားခဲ့ပါတယ်။