အမ်ဘာပေနဲ့ ပယ်လ်မာတို့လိုပဲ သူ့ရဲ့အောင်ပွဲခံဟန်ကို မူပိုင်ခွင့်မှတ်ပုံတင်လိုက်တဲ့ အာဆင်နယ်ကြယ်ပွင့် ယောကရက်စ်
သတင်းတွေအရ အာဆင်နယ်တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်ဟာ သူ့ရဲ့ မျက်နှာဖုံးစွပ်တဲ့ အောင်ပွဲခံဟန် (mask celebration) ကို မူပိုင်ခွင့် မှတ်ပုံတင်လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ကိုးလ် ပယ်လ်မာက ချမ်းတုန်နေတဲ့ပုံစံ (shivering celebration) ကို မူပိုင်ခွင့်တင်ခဲ့သလို၊ ကီလီယန် အမ်ဘာပေကလည်း ဒူးထောက်လျှောတိုက်ပြီး လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ယှက်ထားတဲ့ အောင်ပွဲခံဟန်ကို မူပိုင်ခွင့် တင်ခဲ့ဖူးပါတယ်။
အသက် ၂၇ နှစ်အရွယ် ယောကရက်စ်ဟာ အာဆင်နယ်အတွက် ဒီရာသီမှာ ၂၉ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ သူဟာ မကြာသေးခင်က ဆွီဒင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် ကူညီပေးနိုင်ခဲ့တဲ့ ပွဲစဉ်တွေအပါအဝင် ပြိုင်ပွဲစုံမှာ အခုလို မျက်နှာဖုံးစွပ်တဲ့ အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်သတင်းစာ Expressen ရဲ့ ဖော်ပြချက်အရ ယောကရက်စ်ဟာ သူ့ရဲ့ အောင်ပွဲခံဟန်ကို မူပိုင်ခွင့်ရဖို့အတွက် ဥရောပသမဂ္ဂ မူပိုင်ခွင့်နဲ့ ဒီဇိုင်းကာကွယ်ရေး အာဏာပိုင်အဖွဲ့ (EU Trademark and Design Protection Authority) ထံ လျှောက်ထားခဲ့တာပါ။ ယောကရက်စ်ရဲ့ ဒီအောင်ပွဲခံဟန်ဟာ လက်ချောင်းတွေကို ပါးစပ်နဲ့ နှာခေါင်းပေါ်မှာ ယှက်ပြီး မျက်နှာဖုံးပုံစံ လုပ်တာဖြစ်ပြီး ဒါဟာ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ "The Dark Knight Rises" ရုပ်ရှင်ထဲက လူကြမ်း ဗိန်း (Bane) ရဲ့ ပုံစံကို ယူထားတာ ဖြစ်ပါတယ်။
အထူးသဖြင့် "ငါ မျက်နှာဖုံး မတပ်ခင်အထိ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ခဲ့ကြဘူး" ဆိုတဲ့ ဗိန်းရဲ့ စကားကို ရည်ညွှန်းတာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က စပို့တင်းလစ္စဘွန်းမှာ ကစားခဲ့စဉ်ကတည်းက ယောကရက်စ်ဟာ သူ့ရဲ့ ခြေစွမ်းပြ ဗီဒီယိုတွေကို အင်စတာဂရမ်မှာ တင်ခဲ့ရာကနေ ဒီအောင်ပွဲခံဟန်က လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ပယ်လ်မာနဲ့ အမ်ဘာပေတို့လိုပဲ အမှတ်တံဆိပ် (branding) လုပ်ငန်းတွေအတွက် အခုလို မူပိုင်ခွင့်တင်ဖို့ စိတ်အားထက်သန်ခဲ့တဲ့ ယောကရက်စ်ရဲ့ လျှောက်ထားမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆွီဒင်အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်အောင် ဟက်ထရစ် သွင်းယူပေးခဲ့ပြီးနောက်မှာတော့ သူဟာ အခုလာမယ့် စနေ၊ တနင်္ဂနွေမှာ ကစားမယ့် ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပေါ် အာရုံပြန်စိုက်သွားမှာ ဖြစ်ပါတယ်။