The network connection is lost.

Banner Image

လက်စတာကိုအနိုင်ရဖို့ ချဲလ်ဆီးကစားသမားတွေ အစွမ်းကုန်ပေးဆပ်ခဲ့တယ်လို့ ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ယမန်နေ့ညက လက်စတာကို ၁-၀ နဲ့ကပ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့ကစားသမားတွေဟာ နိုင်ပွဲရဖို့အတွက် အစွမ်းကုန်ပေးဆပ်ခဲ့ကြတယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပထမပိုင်းအတွင်း ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ကိုးလ်ပယ်မာက ဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိလို့ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ကူကူရယ်လာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အိမ်ကွင်းမှာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ မာရက်စ်ကာက "ဒီပွဲကို ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ကစားသမားတွေက ရှိသမျှအစွမ်းကုန်ပေးဆပ်ခဲ့ပြီး မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ အနိုင်ရဖို့အတွက် လုံလောက်တဲ့ဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်" "ကူကူရယ်လာက အရမ်းကောင်းတဲ့သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ်အခွင့်အရေးတွေလည်း ကျွန်တော်တို့ထပ်ရခဲ့ပါတယ်။ ဒီပွဲမှာ ကစားသမားအပြောင်းအလဲတွေရှိလို့ လိုက်လျောညီထွေဖြစ်အောင်ကစားဖို့ မလွယ်ကူပေမယ့် ကစားသမားတွေ အတော်လေးစွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်"

"ပယ်မာက သူ့ဘဝမှာ နောက်ထပ်ပင်နယ်တီတွေလွဲဦးမှာပါ။ ပင်နယ်တီနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် အပြင်ကနေကြည့်တဲ့လူအတွက် ဒီအပိုင်းက နားလည်နိုင်ဖို့ခက်ခဲမယ်ထင်ပါတယ်။ ပယ်မာက နေမကောင်းဖြစ်နေခဲ့ပြီး အသင်းကိုကူညီချင်တဲ့အတွက်သာ ဒီပွဲမှာပါဝင်ကစားပေးခဲ့တာပါ။ သူ့ရဲ့ခြေစွမ်းကို ကျွန်တော်တို့ ကျေနပ်ပါတယ်"

"တစ်ခါတလေမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ပရိသတ်တွေနားမလည်ပါဘူး။ကျွန်တော်တို့ နောက်ဆုံး ၃ ပွဲစလုံးမှာ ပြောင်းလဲမှုတွေပြုလုပ်ထားခဲ့ပါတယ်။ လက်စတာက မတူညီတဲ့ပုံစံနဲ့ကစားခဲ့ပါတယ်။ အာဆင်နယ်လိုအသင်းကိုတောင် လက်စတာက မိနစ် ၈၀ အထိဂိုးမပေးရအောင်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အနိုင်ရဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အနိုင်ရဖို့ သွင်းဂိုး ၁ ဂိုးတော့ ရအောင်သွင်းနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အီတလီသားနည်းပြက "ဒီပွဲမှာ လက်စတာဂိုးသမားက အတော်လေးကောင်းခဲ့ပြီး ပယ်မာအနေနဲ့လည်း နောက်ထပ်ပင်နယ်တီတွေကန်ရင်း လွဲချော်မှုတွေရှိနေဦးမှာပါပဲ။ ဒီညမှာ သူအကောင်းဆုံးပုံစံမှာရှိမနေပါဘူး။ ဒါပေမယ့် နေမကောင်းနေတာတောင် အသင်းအတွက်ကစားပေးတယ်ဆိုတဲ့ သူ့ရဲ့အားထုတ်မှုကို ပရိသတ်တွေ နားလည်ဖို့လိုပါတယ်။ ပယ်မာက ထိပ်တန်းကစားသမားပါ။ အခုချိန်မှာ‌တော့ အားလုံးပုံမှန်ဖြစ်နေပါပြီ"

"ကျွန်တော်တို့မှာ ဂိုးသမား ၂ ယောက်ရှိပါတယ်။ သူတို့ကို ပြောင်းလဲမှုတွေပြုလုပ်သွားမှာမဟုတ်ပါဘူး။ အရင်တုန်းက ပြောင်းလဲမှုတွေလုပ်ခဲ့ပေမယ့် နောက်ကျရင်တော့ မရှိတော့ဖို့မျှော်လင့်ပါတယ်။ ဒီပွဲကိုနိုင်လို့ ကျွန်တော်တို့အားလုံးကျေနပ်ပါတယ်။ နောက်ထပ် ၁၀ ပွဲကစားဖို့ကျန်ပါသေးတယ်။ ချန်ပံလိဂ်ဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။