The network connection is lost.

Banner Image

မန်ချက်စတာမှာဆက်နေဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်စတား

သတင်းတွေအရ ယူနိုက်တက်နောက်ခံလူ မက်ဂွါရီတစ်ယောက် အသင်းမှာဆက်နေဖို့အတွက် ဆော်ဒီမြေဘက်က တစ်ပတ်လုပ်ခပေါင် ၅ သိန်းနဲ့ ကမ်းလှမ်းဖို့ ပယ်ချဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းလာမယ်ဆိုရင် ကစားသမားဘက်က လက်ခံဖို့အသင့်ရှိနေပါတယ်။ အင်္ဂလန်သား နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာဆက်နေဖို့ အလိုရှိနေပါတယ်။

မက်ဂွါရီကို အယ်လ်နာဆာ နဲ့ အယ်လ်-အက်တီဖက်အသင်းတို့က ပစ်မှတ်ထားနေပြီး တစ်ပတ်လုပ်ခပေါင် ၅ သိန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ဇန်နဝါရီမှာ ပြည်ပကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် The Sun သတင်းဌာနကတော့ မက်ဂွါဒီဟာ မက်လောက်စရာကမ်းလှမ်းမှုတွေကို ပယ်ချပြီး ယူနိုက်တက်မှာ ဆက်နေချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ခက်ခဲတဲ့ကာလတွေကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မက်ဂွါရီဟာ ယူနိုက်တက်မှာ နေရာပြန်ရလာခဲ့ပြီး ဆော်ဒီမြေကိုပြောင်းမယ်ဆိုရင် အင်္ဂလန်ကစားသမားဘဝက အဆင်မပြေနိုင်တာကို သတိထားနေပါတယ်။ ဘဏ္ဍာရေးပိုင်းဆိုင်ရာအရ မက်လောက်စရာဖြစ်ပေမယ့် မက်ဂွါရီက ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းနိုင်ဖို့က ဦးစားပေးဖြစ်ပါတယ်။

အခုချိန်မှာလည်း ကစားသမားကိုယ်တိုင်က အနာဂတ်အတွက် သေချာလေးဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ တုန်းက လက်စတာထံကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းလာခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူတွေထဲကတစ်ဦးဖြစ်တဲ့ အင်္ဂလန်သားဟာ ယူနိုက်တက်ကစားသမားဘ၀ အတက်အကျတွေများခဲ့တာဖြစ်ပါတယ်။

၂၀၂၀ မှာ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပေမယ့် တန်ဟက်လက်အောက်မှာတော့ ရာထူးလျော့ချခံခဲ့ရပါတယ်။အတက်အကျတွေများခဲ့ပေမယ့်လည်း အင်္ဂလန်သားရဲ့ကြံ့ခိုင်မှုကောင်းမွန်တာကြောင့် ၂၀၂၃ မှာ ကစားသမားဘဝကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၀၂၃ မှာကာရာဘောင်ဖလား နဲ့ ၂၀၂၄ မှာ အက်ဖ်အေဖလားတို့ကို ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ မက်ဂွါရီအတွက်က ယူနိုက်တက်မှာ သစ္စာရှိရှိဆက်နေမလား ဒါမှမဟုတ် မက်လောက်စရာလစာနဲ့အတူ ဆော်ဒီမြေကိုပြောင်းမလားဆိုတာ ရွေးချယ်ရမှာဖြစ်ပါတယ်။ သတင်းတော်တော်များများကတော့ ကစားသမားဟာ အင်္ဂလန်မြေမှာသာ ဆက်နေဖို့ အလိုရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။

မက်ဂွါရီဟာ ဆိုးလ်ရှားလက်အောက်မှာတုန်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ကလပ်အသင်းသမိုင်းတစ်လျှောက် ပွဲ ၁၀၀ အမြန်ဆုံးပြည့်တဲ့နောက်ခံလူဖြစ်လာခဲ့ပါတယ်။ လက်ရှိရာသီသစ်မှာလည်း မက်ဂွါရီရဲ့အတွေ့အကြုံ ၊ ဦးဆောင်နိုင်မှုတွေက တန်ဖိုးဖြတ်မရတာကိုမြင်တွေ့ရပြီး ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့  သက်တမ်းဆက်တိုးမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

လာမယ့်ဇန်နဝါရီမတိုင်ခင်မှာ ယူနိုက်တက် နဲ့ မက်ဂွါရီတို့ကြား စာချုပ်သစ်ကိစ္စဆွေးနွေးဖွယ်ရှိနေပါတယ်။ တကယ်လို့ သဘောတူညီမှုရရှိခဲ့ရင်တောင် ကာလတိုစာချုပ်လောက်သာ ချုပ်ဆိုဖွယ်ရှိနေပါတယ်။ သဘောတူညီမှုမရခဲ့ရင်တော့ မက်ဂွါရီအနေနဲ့ ဆော်ဒီမြေကိုပြောင်းဖို့များနေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ဦးစားပေးက ယူနိုက်တက်မှာဆက်နေဖို့ဖြစ်တယ်လို့ သိရပါတယ်။