
ထိပ်တန်းပစ်မှတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ နာပိုလီစတား အိုဆီမင်ကို ခေါ်ယူမှာမဟုတ်ပဲ အစ်ဝှစ်စတား ဒီလပ်က ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။ အိုဆီမင်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် နာပိုလီနဲ့ သဘောတူညီမှုမရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ဂျီးရီးယားသားဟာ နောက်ဆုံးမှာ ဂါလာတာစာရေးအသင်းထံ အငှားထွက်ကစားခဲ့ပြီး ၃၅ ပွဲမှာ ၃၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
အခုအပတ်အစောပိုင်း အီတလီကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ လာမယ့်နွေမှာ အိုဆီမင်ကိုခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပြီး အခြေခံသဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တစ်အပြောင်းအရွှေ့အကျော်အမော် အွန်စတိန်းကတော့ ယူနိုက်တက်ဟာ လာမယ့်နွေမှာ အိုဆီမင်ကိုခေါ်ယူမှာမဟုတ်ပဲ ဝုဗ်စတား ကန်ဟာ နဲ့ ဒီလပ်တို့ကိုသာ ခေါ်ယူမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
“ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ဦးစားပေးက တိုက်စစ်ပါ။ သူတို့ တိုက်စစ် နဲ့ နံပတ် ၁၀ နေရာကိုပဲ အာရုံစိုက်ထားတာပါ။ အဲ့တာကို အလျင်အမြန်ရယူနိုင်ဖို့ လုပ်ဆောင်မှာပါ။ ဘဏ္ဍာရေးကလည်း အဆင်ပြေသလို သူတို့ ခေါ်ယူနိုင်ချေလည်းရှိပါတယ်။ ဥရောပဝင်ခွင့်ရတာ မရတာက ပြဿနာမဟုတ်ပါဘူး။ ကန်ဟာရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၆၂.၅ သန်းရှိနေပါတယ်။ ကန်ဟာကိုယ်တိုင်က လာချင်ပေမယ့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ လိုအပ်ပါတယ်။
အခြားကလပ်တွေနဲ့အားပြိုင်ပြီး အရခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ အခြားပစ်မှတ်တွေအဖြစ် ဆီမီညို နဲ့ ဆောက်သမ်တန်စတား တိုင်လာတို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် ကန်ဟာက သူတို့ရဲ့ထိပ်တန်းပစ်မှတ်ပါ။ နီးစပ်မှုမရှိသေးပေမယ့် တိုးတက်မှုတော့ မြင်နေရပါတယ်။ တိုက်စစ်နေရာအတွက် အစ်ဝှစ်စတား ဒီလပ်က နံပတ် ၁ ပစ်မှတ်ပါ။ စာချုပ်ဖျက်သိမ်းကြေးကလည်း ပေါင်သန်း ၃၀ ပဲရှိနေတာကြောင့် အခြားအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။
ဒီလပ်ဘက်ကလည်း ဥရောပယူ - ၂၁ ပွဲမတိုင်ခင် အနာဂတ်ကို ဆုံးဖြတ်မှာပါ။ အခြားတိုက်စစ်မှူးတွေကို ယူနိုက်တက်စိတ်မဝင်စားပါဘူး။ ပြီးတော့ ယူနိုက်တက်အနေနဲ့ ဟွိုက်လန်း နဲ့ အခြားကစားသမားတွေကိုလည်း ရှင်းထုတ်ဖို့ အာရုံစိုက်ရပါမယ်။ ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်နိုင်ချေရှိနေပြီး ဗီလာက ပေါင်သန်း ၄၀ လောက်နဲ့ဝယ်ယူချင်နေပါတယ်။ အဲ့တာက သူတို့ ဥရောပဝင်ခွင့်ရမလား မရဘူးလားဆိုတဲ့အပေါ်မူတည်နေပါတယ်။ အင်္ဂလန်သားက စပိန်မြေကိုလည်း သွားချင်နေပါတယ်။ ဘာစီလိုနာအခြေအနေကိုလည်း စောင့်ကြည့်ရမှာပါ။ သူက ချန်ပီယံလိဂ်မှာကန်ချင်နေပါတယ်။ ယူနိုက်တက်မှာ အနာဂတ်ဆက်မရှိတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်”လို့ အွန်စတိန်းက ပြောကြားခဲ့ပါတယ်။