The network connection is lost.

Banner Image

ဘာစီလိုနာလူငယ်ကြယ်ပွင့် မာ့ခ်ဘာနယ်လ်အတွက် ဂါလာတာစာရေးက ယူရိုသန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ကစားသမားသစ်အဖြစ် ဂျာအိုကန်ဆယ်လိုတစ်ဦးတည်းကိုသာ ခေါ်ယူခဲ့ပြီး မာ့ခ်အန်ဒရီတာစတီဂန်တစ်ယောက်သာ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်အတွင်း အတော်လေး လှုပ်ခတ်မှုနည်းခဲ့ပါတယ်။

ဒါပေမဲ့ နည်းပြ ဟန်ဆီဖလစ်ရဲ့ အသင်းကနေ တခြားကစားသမားတချို့ ထွက်ခွာဖို့ အခွင့်အရေးတွေ ရှိခဲ့ပြီး အဲဒီထဲမှာ လူငယ်ကြယ်ပွင့် မာ့ခ်ဘာနယ်လ်ကတော့ အာရုံစိုက်မှုအခံရဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မယော့ကာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ ဘာနယ်လ်ကို ဂျီရိုနာအသင်းက အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အဲဒီလူငယ်ကစားသမားကို လက်ကျန်ရာသီဝက်မှာ စပေါ်တီဖိုင်းကမ့်နူးကွင်းမှာပဲ ဆက်ရှိနေစေဖို့ အသင်းက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်မှာ ဘာနယ်လ်အတွက် နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေါ်လာခဲ့ပါတယ်။ စပို့တ်သတင်းဌာနရဲ့ ဖော်ပြချက်အရ တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဟာ ဘာနယ်လ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းဆီ ယူရိုသန်း ၃၀ အထိရှိတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ လစာအနည်းဆုံးရတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေတဲ့ ဘာနယ်လ်ကို ဂါလာတာစာရေးဘက်က အခုရရှိနေတဲ့ လစာထက် သုံးဆအထိ တိုးမြှင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ အဆိုပါ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဂါလာတာစာရေးအသင်း ဥက္ကဋ္ဌ ဒါဆန်အိုဇ်ဘတ်ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဘက်ကတော့ သူတို့ရဲ့ကစားသမားကို ဘယ်လိုအခြေအနေမျိုးမှာမှ ရောင်းချမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တာကြောင့် အဆိုပါဆွေးနွေးမှုဟာ ရှေ့မတိုးနိုင်ခဲ့ပါဘူး။

ဘာစီလိုနာအသင်းအနေနဲ့ ဘာနယ်လ်ကို အရန်ခုံမှာ အချိန်ဖြုန်းစေတာမျိုး မဖြစ်စေဘဲ ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး တိုးတက်လာစေဖို့အတွက် အငှားချဖို့သာ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားတာကြောင့် အပြီးသတ်ရောင်းချဖို့ကိုတော့ လုံးဝစဉ်းစားခဲ့ခြင်း မရှိပါဘူး။

ဂါလာတာစာရေးရဲ့ ကမ်းလှမ်းမှုဟာ အတော်လေးကို ရဲတင်းလှပေမဲ့ ဘာစီလိုနာဘက်ကတော့ ဒါကို လွယ်လွယ်ကူကူပဲ ပယ်ချခဲ့တာပါ။ ဘာနယ်လ်ဟာ နောင်နှစ်တွေမှာ အခုကမ်းလှမ်းထားတဲ့ ယူရိုသန်း ၃၀ ထက်မက အဆပေါင်းများစွာ တန်ကြေးရှိလာမယ့်သူလို့ အသင်းဘက်က ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။