The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ကောလာဟလထွက်ပေါ်နေချိန် ကစားသမားဘ၀အနာဂတ်အကြောင်း ဖွင့်ဟလာတဲ့ မက်တိုမီနေး

သူ့ကို ပြန်လည်ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း မျှော်လင့်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေချိန် မက်တိုမီနေးက နာပိုလီအသင်းမှာရှိနေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားက နာပိုလီအသင်းမှာ ထူးထူးခြားခြားအောင်မြင်နေပြီး နည်းပြကွန်တီလက်အောက် ၂၀၂၄-၂၀၂၅ စီးရီးအေချန်ပီယံဆုသိမ်းပိုက်နိုင်ခြင်းခရီးစဉ်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့အခုလိုခြေစွမ်းကောင်းတွေကြောင့် ယူနိုက်တက်ဆီ ပြန်သွားနိုင်တယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ နာပိုလီနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိထားပါတယ်။

လတ်တလော Tuttomercatoweb သတင်းဌာနရဲ့ဖော်ပြချက်အရ မက်တော်မီနေးနဲ့ သူ့ရဲ့ချစ်သူ Cam Reading တို့နှစ်ဦးလုံး အင်္ဂလန်ဆီ "အမြန်ဆုံး" ပြန်သွားချင်နေကြတယ်လို့ သိရပါတယ်။

Corriere dello Sport နဲ့ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာတော့ မက်တိုမီနေးက “ကျွန်တော့်ရဲ့ အေးဂျင့်က ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်သူနဲ့မှ စကားမပြောထားပါဘူး။ သူက ကလပ်အသင်းနဲ့ ကျွန်တော့်ကိုပဲ ပြောတာပါ။ သတင်းစာတွေကိုလည်း ဘာမှမပြောထားပါဘူး။ ဒီမှာ ကျွန်တော် အရမ်းပျော်နေပြီး လက်ရှိမှာလည်း နာပိုလီကစားသမားတစ်ဦးဖြစ်နေလို့ ဒါကိုပဲ အာရုံစိုက်ထားပါတယ်။ အနာဂတ်ဆိုတာ အရမ်းအရေးကြီးသလို နာပိုလီမှာ အချိန်အကြာကြီးဆက်ရှိနေဖို့ကိုလည်း ကျွန်တော် မြင်ယောင်ကြည့်လို့ ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။