
နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူသွားမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက သူဟာ အသင်းအတွက် ဆုဖလားတွေ ဆွတ်ခူးပေးနိုင်ဖို့ ကြိုးစားတော့မှာဖြစ်တာကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ ကစားသမားခေါ်ယူမှုတွေပြုလုပ်သွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အခွင့်အရေးအချို့ ရခဲ့ပေမယ့် အနည်းငယ်သော လွဲမှားမှုလေးတွေကြောင့် ဖလားလက်မဲ့နဲ့ ရာသီသိမ်းရဖို့ရှိနေပါတယ်။ အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို အနီးကပ်ဆုံးစိန်ခေါ်နိုင်ခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ရပြီး နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ပြီဖြစ်လို့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ထပ်မံကြိုးစားသွားရပါမယ်။
နယူးကာဆယ်နဲ့ပွဲအပြီးမှာ အာတီတာက "လာမယ့်နွေရာသီကတော့ လူတိုင်းအတွက် ကြီးမားတဲ့အရာတွေဖြစ်လာဖို့ရှိပါတယ်။ ကျွန်တော်တို့ကိုယ့်အခြေအနေကိုပြန်ကြည့်ပြီး အသင်းရဲ့အဆင့်အတန်းကို ပိုမြင့်လာအောင် ကြိုးစားသွားရပါမယ်။ နောက်ထပ်ပိုမြင့်တဲ့ အဆင့်တစ်ဆင့်ကိုသွားဖို့နဲ့ အသင်းကိုကူညီနိုင်ဖို့ ပိုကောင်းအောင်လုပ်ရပါမယ်"
"ကျွန်တော်ကတော့ ဆုဖလားအောင်မြင်မှုရဖို့ အတတ်နိုင်ဆုံး အဆုံးစွန်အထိပေးဆပ်သွားမယ်ဆိုတာ ကတိပေးပါတယ်။ ကျွန်တော့်ရဲ့ဘဝကိုတောင်ပေးပြီး ကြိုးစားသွားမှာပါ။ ဒါကြောင့် အသင်းမှာရှိတဲ့လူတိုင်းကလည်း အကောင်းဆုံးတွေပေးဆပ်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာတီတာအနေနဲ့ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ပဲ အဆုံးသတ်ခဲ့တဲ့အပေါ် ကျေနပ်ခြင်းမရှိဘဲ ဆုဖလားအောင်မြင်မှုကို မျှော်လင့်နေတာဖြစ်ပါတယ်။ အာတီတာလက်ထက်မှာ အာဆင်နယ်ဟာ ဒီကလန်ရိုက်စ်နဲ့ ကိုင်ဟားဗတ်ဇ်တို့လို တန်ဖိုးကြီးကစားသမားတွေဝယ်ယူခဲ့ပေမယ့် ဆုဖလားတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
လာမယ့်နွေရာသီမှာတော့ အာဆင်နယ်ဟာ ကစားသမားသစ်ဝယ်ယူဖို့အတွက် ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီကို ပထမဆုံးအကြိမ် စတင်ချိတ်ဆက်လာဖို့ရှိပါတယ်။ ဒါ့အပြင် အသင်းအတွက် အဓိကလိုအပ်တဲ့တိုက်စစ်နေရာအတွက် အာဆင်နယ်ဟာ ဗစ်တာဂျိုကာရက်စ်၊ ဘင်ဂျမင်ဆက်စ်ခိုနဲ့ လီယမ်ဒီလပ်တို့ကိုလည်း ချိတ်ဆက်နေတယ်လို့သိရပါတယ်။