The network connection is lost.

Banner Image

အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်တစ်လုံးသာရရှိလိမ့်မယ်လို့ ဂါးလပ်စ်ဟောကိန်းထုတ်

ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဝီလီယံဂါးလပ်စ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ဖလားတစ်လုံးတည်းသာ ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ကာရာဘောင်ဖလား (EFL Cup) ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်တို့ဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါသေးတယ်။

မီကေလ်အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဇယားထိပ်မှာ အရှိန်အဟုန်နဲ့ ဦးဆောင်နေပြီး မန်စီးတီးကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားဖို့ တစ်ပွဲလျော့ကျန်နေသေးပေမဲ့ အာဆင်နယ်နဲ့ ၉ မှတ်အကွာမှာ ရှိနေပါတယ်။

ဒီရာသီမှာ ဆုဖလားတွေရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်လန်ဒန်ကလပ် အာဆင်နယ်ဟာ ဒီတစ်ပတ်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်သလို၊ အဲဒီနောက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပို့တင်းအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

BOYLE Sports နဲ့ အင်တာဗျူးမှာတော့ ဂါးလပ်စ်က အာဆင်နယ်ဟာ ပြိုင်ပွဲ ၃ ခုမှာ ပါဝင်နေပေမဲ့ တစ်ခုမှာပဲ အောင်မြင်မှုရလိမ့်မယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

"အာဆင်နယ် ဖလားသုံးလုံး (Treble) ရနိုင်မလား။ ကျွန်တော့်အမြင်အရတော့ အာဆင်နယ်က ဖလားတစ်လုံးပဲ ရလိမ့်မယ်၊ အဲဒါက ပရီးမီးယားလိဂ်ပါပဲ။ သူတို့ သတိထားဖို့တော့ လိုပါသေးတယ်၊ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင်တော့ အခုလို အနေအထားကနေ ပရီးမီးယားလိဂ်ဖလားကို ရသွားပါလိမ့်မယ်။ ချန်ပီယံလိဂ်လား၊ မထင်ပါဘူး။ အက်ဖ်အေဖလားကတော့ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ရလဒ်ပေါ်မှာ မူတည်နေပါတယ်။ အကယ်၍ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့တွေ့ရင် မန်စီးတီးပဲ နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်။ လီဗာပူးနဲ့ အာဆင်နယ် ဗိုလ်လုပွဲဖြစ်မယ်ဆိုရင်တော့ အာဆင်နယ် နိုင်ပါလိမ့်မယ်။ ကစားဟန်ချင်း မတူကြလို့ပါ၊ လီဗာပူးရဲ့ ကစားဟန်က အာဆင်နယ်အတွက် ပိုပြီးအဆင်ပြေစေတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အာတီတာက ကာရာဘောင်ဖလား ဗိုလ်လုပွဲအပြီး နှစ်ပတ်ကြာနားချိန်မှာ ဆောက်သမ်တန်နဲ့ပွဲအတွက် ပြင်ဆင်နေချိန်မှာ အာဆင်နယ်ကစားသမား အနည်းဆုံး ၁၀ ယောက်လောက်ဟာ မတ်လ နိုင်ငံတကာပွဲစဉ်တွေကနေ နုတ်ထွက်ခဲ့ကြပါတယ်။

ဖလားသုံးလုံးမျှော်လင့်ချက်အတွက် ထပ်မံဒဏ်ရာရမှာကို ရှောင်ရှားဖို့နဲ့ ရာသီပိတ်ခါနီး အဆုံးအဖြတ်ပွဲစဉ်တွေမတိုင်ခင် အာတီတာက သူ့ရဲ့ကစားသမားတွေကို အနားပေးထားတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။