ဒါဘီပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားစော်ကားမှုနဲ့ ပတ်သက်ထားတယ်လို့ သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
ပြီးခဲ့တဲ့လ၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာကစားခဲ့တဲ့ Tyne-Wear ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဆန်းဒါးလန်းနောက်ခံလူဂါထရူအီဒါရဲ့ လူမျိုးရေးခွဲခြားစော်ကားခံခဲ့ရမှုနဲ့ပတ်သက်ပြီး အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ Northumbria ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
မတ် ၂၂ ရက်မှာကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဆန်းဒါးလန်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကစားနေစဉ် ဒုတိယပိုင်းမှာ ပရိသတ်တွေကြားမှ လူမျိုးရေးခွဲခြားတဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ပွဲကို ၃ မိနစ်ခန့် ခေတ္တရပ်နားခဲ့ရပါတယ်။
ဒီဖြစ်ရပ်အပေါ် ကလပ်အသင်းနှစ်ခုလုံးက ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကြသလို ဆန်းဒါးလန်းအသင်းကလည်း သူတို့ရဲ့ကစားသမား ဂါထရူအီဒါဘက်မှ အခိုင်အမာရပ်တည်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Gateshead ဒေသခံ အဲဒီအမျိုးသားကို အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ သူ့ကို ရဲအာမခံနဲ့ ခေတ္တပြန်လွှတ်ပေးထားတယ်လို့ Northumbria ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုံထောက်အရာရှိချုပ်ဖေးလ်ဂတ်ကတော့ "ဘောလုံးလောကနဲ့ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာ လူမျိုးရေးခွဲခြားမှုအတွက် လုံး၀နေရာမရှိပါဘူး။ ဒီလိုအပြုအမူမျိုးတွေကို ကျွန်တော်တို့ သည်းခံပေးစရာ လုံး၀မရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။