The network connection is lost.

Banner Image

ဒေါင်းမန်းက တကယ်ကိုထူးချွန်တဲ့ကစားသမားဖြစ်တယ်လို့ ဂျေဇူးချီးကျူး

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ် ဂျေဇူးက မက်ဇ် ဒေါင်းမန်းဟာ တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ် ဂျေးဇူးက ဒီရာသီမှာ အသင်းဖော် ၁၆ နှစ်အရွယ် မက်ဇ် ဒေါင်းမန်းရဲ့ စွမ်းဆောင်ရည်တွေအပေါ် အံ့အားသင့်မိတယ်လို့ ဝန်ခံပြောကြားလိုက်တာပါ။ ဒီရာသီမှာ ပြင်းထန်တဲ့ဒဏ်ရာတစ်ခု ရခဲ့ပေမဲ့လည်း မက်ဇ် ဒေါင်းမန်းဟာ နည်းပြ မီခေးလ် အာတီတာက အခွင့်အရေးပေးတဲ့အချိန်တိုင်းမှာ အားလုံးသဘောကျလောက်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ အဆိုပါ တောင်ပံကစားသမားလေးဟာ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးထားနိုင်သလို ပင်နယ်တီ ၂ ကြိမ်လည်း ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်ပါတယ်။

ဂါဘရီယယ် ဂျေးဇူးက Rio Ferdinand Presents ပေါ့တ်ကတ်စ်မှာ အခုလို ပြောကြားခဲ့ပါတယ်။ "မက်ဇ်က အခုမှ ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့နဲ့ စပြီး လေ့ကျင့်ခန်းဆင်းတုန်းကဆို ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အရင်က ပြောခဲ့ဖူးသလိုပဲ ကျွန်တော် ၁၅ နှစ်သားတုန်းက လမ်းပေါ်မှာ ဘောလုံးကစားနေတုန်းပဲ ရှိပါသေးတယ်။ အခုလို အဆင့်မျိုးကို မရောက်သေးဘူးလေ။ ဒါဟာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ ၁၅ နှစ်အရွယ်နဲ့ ချန်ပီယံလိဂ်တွေ၊ ပရီးမီးယားလိဂ်တွေမှာ ကစားနေရတာက တကယ်ကို ရူးချင်စရာပါပဲ။ ပွဲတစ်ပွဲမှာ သူဂိုးသွင်းပြီးတဲ့နောက် ကျွန်တော် သူ့ကို 'ဒီနေ့ ကျောင်းမှာ ဘယ်လိုလဲ' လို့ မေးခဲ့သေးတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ နောက်တစ်နေ့ တနင်္လာနေ့မှာ 'ဒီနေ့ ကျောင်းတက်ရတာ အဆင်ပြေလား' လို့ ထပ်မေးဖြစ်ခဲ့တာပါ။ သူကလည်း 'မဟုတ်ဘူး၊ ကျွန်တော် ခဏနေမှ သွားမှာ' လို့ ပြန်ပြောတော့ ကျွန်တော်လည်း 'အော်... အေးအေး' လို့ပဲ ပြောလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဘရာဇီးလ်မှာသာ ဒီလိုမျိုး (လူသိများတာမျိုး) ဖြစ်ခဲ့ရင် ကျောင်းသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ပါ။ ပရိသတ်တွေကြောင့် ကျောင်းတက်ဖို့က လုံးဝ မဖြစ်နိုင်တော့တာမျိုးပေါ့။ ဒါကြောင့် မက်ဇ်က တကယ်ကို တော်တဲ့သူပါ၊ တကယ့်ကို တော်တာ။ သူဟာ တကယ့်ကို အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။