မာတင်နယ်လီနဲ့ ထရော့ဆက်တို့ကိုရောင်းချပြီး ဘာကိုလာကို အာဆင်နယ် ခေါ်ယူသင့်တယ်လို့ ဂါးလက်စ် ဆို
အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်အသင်းတွေရဲ့ နောက်ခံလူဟောင်းဖြစ်သူ ဝီလီယံဂါးလက်စ်က ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘရက်ဒ်လေဘာကိုလာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းကို တိုက်တွန်းလိုက်ပါတယ်။
နည်းပြ မီကယ်အာတီတာရဲ့ လက်အောက်မှာ ဆုဖလားသုံးလုံး (Treble) ရယူနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက နိုနီမာဒူအက်ကီ၊ အီဇီနဲ့ ဗစ်တာဂျိုကရက်စ်တို့ကို အသင်းမှာ အားဖြည့်ထားခဲ့တာပါ။
ဒါပေမဲ့ ဒီရာသီမှာ အောင်မြင်မှုတွေ ရရှိနေပေမဲ့လည်း အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကတော့ အားနည်းနေဆဲဖြစ်ပြီး တိုက်စစ်က ဂိုးမသွင်းနိုင်တာကြောင့် ကွင်းလယ်လူတွေရဲ့ ဂိုးတွေနဲ့ ဆက်ပီးစ် (Set pieces) တွေကနေတစ်ဆင့် ရတဲ့ဂိုးတွေကိုပဲ အဓိက အားကိုးနေရပါတယ်။
နောက်ဆုံးထွက်ပေါ်နေတဲ့ ဘောလုံးအလေးပေးချက်တွေကို ဖော်ပြပေးလေ့ရှိတဲ့ BOYLE Sports နဲ့ အင်တာဗျူးမှာတော့ ဥရောပချန်ပီယံအသင်းမှာ နှစ်အနည်းငယ်ကြာ ခြေစွမ်းပြနေတဲ့ အသက် ၂၃ နှစ်အရွယ် ဘာကိုလာကို ခေါ်ယူဖို့ သူ့ရဲ့အသင်းဟောင်း အာဆင်နယ်အနေနဲ့ အစွမ်းကုန် ကြိုးစားသင့်ကြောင်း ဂါးလက်စ်က အကြံပြုခဲ့ပါတယ်။
"တိုက်စစ်ပိုင်းမှာ တောင်ပံကစားသမားတွေ ရှိနေပေမဲ့ အသင်းအနေနဲ့ ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ယောက် ထပ်လိုနေတာ ဒါမှမဟုတ် အသင်းရဲ့ ကစားကွက်ပုံစံကို ပြောင်းလဲဖို့ လိုအပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဂျိုကရက်စ်က ဂိုးတွေသွင်းထားပေမဲ့ လုံလောက်တဲ့အထိတော့ မဟုတ်သေးဘူး၊ ဒါကြောင့် လာမယ့်ရာသီမှာ သူ အနည်းဆုံး ဂိုး ၂၀ တော့ သွင်းနိုင်ဖို့ လိုပါလိမ့်မယ်။ အာဆင်နယ်က လက်ရှိကစားကွက်အတိုင်းပဲ ဆက်ကစားနေမယ်ဆိုရင်တော့ သူ့အတွက် ခက်ခဲပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူဟာ ပေါ်တူဂီမှာတုန်းကလိုမျိုး ဒီလိဂ်မှာ ရုပ်ပိုင်းဆိုင်ရာအရ အသာစီးမရနိုင်လို့ပါ" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ဂါးလက်စ်က "ဘယ်တောင်ပံကစားသမားတစ်ယောက်လည်း လိုအပ်နိုင်ပါတယ်။ ဂါဘရီယဲလ်မာတင်နယ်လီက အရင်ကလို ခြေစွမ်းမျိုး မရှိတော့တာ ဘာကြောင့်လဲဆိုတာ ကျွန်တော်လည်း မသိတော့ဘူး၊ လီယန်ဒရိုထရော့ဆက်ကတော့ အရန်အင်အားအနေနဲ့ ကောင်းမွန်ပေမဲ့ အသင်းအတွက် ဒီထက်ပိုတာမျိုး လိုအပ်ပါတယ်။ အာဆင်နယ်အတွက် ကွာရတ်စခီလီယာနဲ့ ဘာကိုလာ ဘယ်သူ့ကို ပိုကြိုက်လဲဆိုရင်တော့ ဘာကိုလာကိုပဲ ရွေးချယ်ပါလိမ့်မယ်။ ဂျိုကရက်စ်လို တိုက်စစ်မှူးမျိုး ရှိနေရင် သူ့ဆီကို ဂိုးသွင်းဖို့ ဘောလုံးဖန်တီးပေးနိုင်မယ့် ကစားသမားတွေ လိုအပ်ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်ရဲ့ ကစားဟန်အချို့ကို ပြောင်းလဲဖို့ လိုတာ ဒါမှမဟုတ် တိုက်စစ်မှူးအသစ် ပြောင်းလဲဖို့ လိုတာ ဖြစ်နိုင်ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ ကမ္ဘာ့အဆင့်မီ ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နည်းပြ မီကယ်အာတီတာရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းမှာလည်း ဘာကိုလာ ပါဝင်နေပြီး ဆုဖလားတွေ ရယူနိုင်ဖို့အတွက် အသင်းရဲ့ ပစ်မှတ်ထားတဲ့ ကစားသမားစာရင်းကလည်း ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။