နယူးကာဆယ်အမှုဆောင်အရာရှိချုပ် ဟော့ကင်ဆန်က တိုနာလီနှင့် ဂူမာရေးစ်တို့ကို ရောင်းထုတ်ရန် လမ်းဖွင့်ပေးထား
နယူးကာဆယ်ယူနိုက်တက် အမှုဆောင်အရာရှိချုပ် ဒေးဗစ်ဟော့ကင်ဆန်က လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့အသင်းအနေနဲ့ အလုပ်များကြလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆန်ဒရိုတိုနာလီနဲ့ ဘရူနိုဂူမာရေးစ်တို့လို ကစားသမားတွေကို ဥရောပတစ်လွှားက ထိပ်တန်းကလပ်အသင်းကြီးတွေက ပစ်မှတ်ထားနေတာကြောင့် ၎င်းတို့ကို ပြောင်းရွှေ့ကြေး အများအပြားနဲ့ ရောင်းထုတ်သွားဖို့ ရှိတယ်ဆိုတာကိုလည်း ဟော့ကင်ဆန်က ငြင်းဆိုခြင်းမရှိပါဘူး။
အသင်းရဲ့ ဘဏ္ဍာရေးရလဒ်များ ရှင်းလင်းတင်ပြပွဲမှာ ၎င်းက "ကစားသမားတွေကို အသင်းကနေ ရောင်းထုတ်ဖို့အတွက် ကျွန်တော်တို့မှာ ယေဘုယျကျတဲ့ မူဝါဒမျိုး သတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ ဒီနွေရာသီမှာ ကစားသမားတွေ ဘာလုပ်ချင်လဲ၊ ဘာမလုပ်ချင်ဘူးလဲ ဆိုတာကိုပဲ အသေအချာ ထည့်သွင်းစဉ်းစားသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ အလက်ဇန္ဒားအိုင်ဆပ်လို အခြေအနေမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာမယ်ဆိုရင်တော့ စာချုပ်သက်တမ်းရှိနေတဲ့ ဘယ်ကစားသမားမဆို အသင်းရဲ့ သဘောထားအတိုင်းပဲ ထွက်ခွာခွင့်ရမှာဖြစ်ပြီး အသင်းအတွက် အကျိုးအမြတ်အများဆုံးရမယ့် အခွင့်အရေးကိုပဲ ဖန်တီးသွားမှာပါ။ ဒါဟာ အမြင့်ဆုံးဈေးနှုန်းရအောင် လုပ်ဆောင်မယ်ဆိုတဲ့ သဘောပါပဲ" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက "ကျွန်တော့်အမြင်မှာတော့ အိုင်ဆပ်ကို (လီဗာပူးအသင်းဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့) ရောင်းချခဲ့တာဟာ ကောင်းမွန်တဲ့ အရောင်းအဝယ်တစ်ခုပါ။ အဲဒီအချိန်တုန်းက ကျွန်တော် ဒီမှာ မရှိသေးတာကြောင့် ကိုယ်တိုင်မကြုံခဲ့ရတဲ့ ကိစ္စအပေါ် မှတ်ချက်မပေးချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သေချာပေါက် သိထားတာတစ်ခုကတော့ ဒီကလပ်ကနေ ထွက်ခွာမယ့် ကစားသမားတိုင်းဟာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းပဲ ဖြစ်ရမယ်ဆိုတာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။