
ရွိုင်ကိန်းရဲ့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုတွေက သူ့အတွက်တွန်းအားဖြစ်စေခဲ့တယ်လို့ဆိုလာတဲ့ ဖာနန်ဒက်စ်
ထိပ်တန်းစွမ်းဆောင်ရည်နဲ့အတူ သွင်းဂိုးတွေဆက်တိုက်ရရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ အခုလိုခြေစွမ်းတွေတိုးတက်လာခြင်းမှာ အသင်းရဲ့ကစားသမားဟောင်း ရွိုင်ကိန်းရဲ့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြောဆိုမှုတွေကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့နံနက်က လက်စတာကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖာနန်ဒက်စ်ဟာ ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့သလို၊ အသင်းဖော် ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ အလီဂျန်ဒရိုဂါနာချိုတို့အတွက်လည်း ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီသားဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုးစုစုပေါင်း ၁၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ကလပ်ရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ဗန်နစ္စတယ်ရွိုင်းကိုကျော်ဖြတ်ပြီး အဆင့် ၁၀ နေရာအထိတက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာလည်း ရိုင်ယန်ဂစ်(၁၆၂)၊ ဝိန်းရွန်းနီ(၉၃)၊ ဒေးဗစ်ဘက်ခမ်း(၈၀)၊ ပေါလ်စခိုးလ်(၅၅)နဲ့ အဲရစ်ကန်တိုနာ(၅၁) တို့နောက် အကြိမ် ၅၀ နဲ့ ၆ ယောက်မြောက်ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ယခုရာသီမှာ ယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲတွေကြောင့် ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါပုံစံကောင်းရဖို့ ရုန်းကန်နေရပေမယ့် ဖာနန်ဒက်စ်ကတော့ တည်ငြိမ်တဲ့ခြေစွမ်းကို ဆက်လက်ပြသထားနိုင်ဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဖာနန်ဒက်စ်ရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး ယူနိုက်တက်အတွက် လုံလောက်တဲ့ခြေစွမ်းမရှိကြောင်း၊ အသင်းခေါင်းဆောင်လက်ပတ်နဲ့မထိုက်တန်ကြောင်းတွေ ပြောကြားထားခဲ့တာဖြစ်ပါတယ်။
အဆိုပါမှတ်ချက်တွေကြုံတွေ့ရပြီးနောက်ပိုင်းမှာတော့ ဖာနန်ဒက်စ်ရ့ခြေစွမ်းဟာ သိသိသာသာတိုးတက်ကောင်းမွန်လာခဲ့ပြီး အာဆင်နယ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပါအဝင် ရီးရဲလ်ဆိုစီဒက်၊ လက်စတာတို့ကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာ သွင်းဂိုးတွေဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ကစားသမားက "ကျွန်တော်ကတော့ ကျွန်တော်ချမှတ်ထားတဲ့လမ်းကြောင်းအပေါ်မှာပဲ လျှောက်လှမ်းနေပါတယ်။ ဒီလိုဝေဖန်သံတွေကြားရတာ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဝေဖန်မှုတွေက ကျွန်တော့်ကို တွန်းအားပေးပါတယ်။ ကျွန်တော်တိုးတက်ဖို့လိုအပ်နေတဲ့အပိုင်းတွေရှိမယ်လို့ ထင်ကြတဲ့လူတွေလည်း ရှိမှာပါပဲ"
"ကျွန်တော့်အနေနဲ့ လူတွေရဲ့ထင်မြင်ချက်တွေကို လေးစားပါတယ်။ ပြီးတော့ ရွိုင်ကိန်းကိုလည်း ကျွန်တော်အရမ်းလေးစားပါတယ်။ ကျွန်တော့်မှာလိုအပ်ချက်တွေရှိနေပြီး တိုးတက်ဖို့လိုအပ်တယ်ဆိုတဲ့ အချက်ကို လက်ခံပါတယ်။ ပွဲစဉ်ထဲကခြေစွမ်းမှာရော၊ ကျွန်တော့်ဘဝမှာ လုပ်နေတဲ့အရာရာတိုင်းမှာ တိုးတက်ဖို့လိုအပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။