The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲစဉ်ကို ချဲလ်ဆီးကြယ်ပွင့်တစ်ဦး လွဲချော်မယ်လို့ အတည်ပြု လိုက်တဲ့ အန်ဇိုမာရက်စ်ကာ

ကြွက်သားဆိုင်ရာပြဿနာတစ်ခုကြောင့် နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အက်စ်တီဗာအို ပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ အန်ဇိုမာရက်စ်ကာက အတည်ပြုပြောကြားခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲစဉ်အတွင်း အရန်ခုံတန်းမှတဆင့် ပါဝင်ကစားခဲ့ရတဲ့ အက်စ်တီဗာအိုက ကာဒစ်ဖ်ကိုအနိုင်ယူကာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားတဲ့ ချဲလ်ဆီးအသင်းရဲ့အင်္ဂါညပိုင်းနိုင်ပွဲမှာလည်း ပွဲနေ့လူစာရင်းအတွင်း မပါဝင်လာခဲ့ပါဘူး။

ကာဒစ်ဖ်စီးတီးကွင်းမှာကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း ချဲလ်ဆီးက နက်တို၊ ဂါနာချိုတို့ရဲ့ဒုတိယပိုင်းပွဲချိန်သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ အက်စ်တီဗာအိုရဲ့ဒဏ်ရာပြဿနာသတင်းကြောင့် ချဲလ်ဆီးရဲ့အပေါင်းလက္ခဏာဆောင်တဲ့ ညနေခင်း တိမ်ဖုံးသွားခဲ့ပါတယ်။ အသက်-၁၈ နှစ်အရွယ်တိုက်စစ်မှူးက အင်္ဂလန်မြေအစကနဦးဘောလုံးရာသီမှာပဲ စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်အသင်းအတွက် ၂၁ ပွဲပါဝင်ကစားကာ ငါးဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ရင်း တောက်ပနေသူ ဖြစ်ပါတယ်။

ကာဒစ်ဖ်နဲ့ပွဲစဉ်အတွက် အက်စ်တီဗာအို ဘာကြောင့်မပါဝင်လာသလဲလို့ မေးမြန်းလာချိန် မာရက်စ်ကာက “ သေးငယ်တဲ့ပြဿနာတစ်ခုကြောင့် အက်စ်တီဗာအို မပါဝင်လာပါဘူး။ ကြွက်သားနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပါ။ နယူးကာဆယ်နဲ့ပွဲစဉ်မှာလည်း သူပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။ နောက်တစ်ပွဲအတွက်ဆိုရင်တော့ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ လိဂ်ဝမ်းပြိုင်ဘက်တို့အကြား ပထမပိုင်းပွဲချိန်အပြီး ဂိုးမရှိသရေကျပြီးနောက် တွန်းအားပေးနိုင်ဖို့ ပွဲစဉ်ဆီပါဝင်ကစားခဲ့တဲ့ အရန်ကစားသမားတွေကို မာရက်စ်ကာက အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အီတာလျံလူမျိုးနည်းပြက “ ဒီလိုပွဲစဉ်မျိုးဆိုတာ ကျွန်တော့်ရဲ့ကစားသမားတွေအပေါ် ကျွန်တော်ကိုယ်တိုင် ပိုပြီးချစ်မြတ်နိုးသွားမိစေတဲ့ ပွဲစဉ်မျိုး ဖြစ်ပါတယ်။

အခုလိုပွဲစဉ်တွေက အလွန်ခက်ခဲလွန်းလို့ အခန့်မသင့်ရင် ခြေချော်သွားဖို့ဆိုတာ အရမ်းလွယ်ကူလွန်းပါတယ်။ ကာဒစ်ဖ်ကလည်း စုစည်းမှုအပြည့်နဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုပွဲစဉ်မျိုးကို ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် တိုင်ရီကွီဂျော့ရှ်၊ ဂီအူနဲ့ ဘိုနာနော့တီတို့ဆိုရင် အခုရာသီမှာ ပွဲကစားချိန် အများကြီးမရရှိထားပါဘူး”လို့ ဆိုပါတယ်။

ချဲလ်ဆီးအရန်ကစားသမားတွေအတွက် ပွဲကစားချိန်ပိုပေးဖို့ဆိုတဲ့ကိစ္စရဲ့ အရေးပါမှုအပိုင်းနဲ့ပတ်သက်လို့ မာရက်စ်ကာက “ သူတို့က ပွဲစဉ်တွေအများကြီးမကစားရပါဘူး။ ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ပွဲကစားချိန်မိနစ်တွေရရှိနေဖို့ လိုအပ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာဆိုရင် ကျွန်တော်တို့က ဘောလုံးလက်ဝယ်မရှိချိန် အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်”လို့ ပြောပါတယ်။