The network connection is lost.

Banner Image

ဗီလာကိုအရေးနိမ့်ပြီးနောက် ယူနိုက်တက်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းက အသင်းအပေါ်ပြစ်တင်ဝေဖန်မှုတွေပြုလုပ်လာခဲ့ပြီး သူ့အနေနဲ့ အခုလို ယူနိုက်တက်အပြစ်ပေးခံနေရတာကိုမြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ မော်ဂန်ရော်ဂျာရဲ့သွင်းဂိုးတွေကြောင့် ဗီလာကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး အသင်းအတွက်ချေပဂိုး ၁ ဂိုးကိုတော့ မားသီးယက်စ်ကွန်ညာက ပထမပိုင်းမှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာသို့ကျဆင်းသွားခဲ့ပြီး ထိပ်ဆုံး ၄ နေရာနဲ့ တဖြည်းဖြည်းဝေးကွာလာခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုမရချိန်မှာ ကစားပုံအဆိုးဝါးဆုံးအသင်းတွေထဲမှတစ်သင်းဖြစ်တယ်လို့ ဝေဖန်လာခဲ့ပါတယ်။ ကိန်းက "အသင်းမှာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေရှိတယ်ပဲထားပါဦး။ ဒါပေမယ့် ပွဲကအရမ်းခက်လာချိန်မှာ အကုန်လုံး အားသွန်ခွန်စိုက်နဲ့ အသင်းအတွက်ပေးဆပ်ကစားရပါမယ်။ အခုကတော့ ယူနိုက်တက်မှာ လုံလုံ‌လောက်လောက်အင်အားမစိုက်ထုတ်သူတွေ အရမ်းများပါတယ်"

"ဒါက ဒါလော့တစ်ယောက်တည်းကိုပြောတာမဟုတ်ပါဘူး။ ယူနိုက်တက်က နောက်ဆုံး ၂ ပွဲမှာ ၆ ဂိုးပေးလိုက်ရပါတယ်။ ဒီပုံစံနဲ့ ဘယ်လိုအနိုင်ရမှာလဲ။ လာမယ့်ရက်အနည်းငယ်အတွင်း နယူးကာဆယ်က အိုးလ်ထရက်ဖို့ဒ်ကို လာကစားပါလိမ့်မယ်။ သူတို့လည်း ဒီမှာ ပျော်ပျော်ကြီးပဲကစားသွားကြမှာပါ။ အသင်းကြီးတစ်သင်းအနေနဲ့ ပညာသားပါတဲ့ကစားဟန်အပြင် ကြမ်းတမ်းတဲ့ကစားဟန်လည်း ရှိနေဖို့လိုပါတယ်။ ပွဲကို လှလှပပမကစားနိုင်တဲ့အခါ ကြံ့ကြံ့ခံပြီး ရုပ်ဆိုးတဲ့ပုံစံနဲ့ နိုင်အောင်ကစားနိုင်ရပါမယ်"

"ဘောလုံးမရတဲ့အချိန် ခံစစ်ဆော့တဲ့အခါ ယူနိုက်တက်က ဒီလိဂ်ရဲ့အဆိုးဝါးဆုံးအသင်းတွေထဲက တစ်သင်းပါပဲ။ ဘောလုံးရှိချိန်မှာတော့ သူတို့ကောင်းပါတယ်။ ဒါပေမယ့် ထိပ်တန်းကစားသမားဖြစ်ချင်တယ်ဆိုရင် ဘောလုံးမရှိချိန် ဘယ်လိုကစားရမလဲ ကောင်းကောင်းသိရပါမယ်။ သူတို့အခုလို အပြစ်ပေးခံနေရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို စိတ်ပျက်အောင်လုပ်ပြီး အခွင့်အရေးတွေဖြုန်းတီးနေတဲ့ အသင်းတွေ အပြစ်ပေးခံရတာကို မြင်ချင်တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် အက်စတွန်ဗီလာကတော့ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ သက်တောင့်သက်သာရပ်တည်နေပြီး ဇယားထိပ်ကအာဆင်နယ်နဲ့ ရမှတ် ၃ မှတ်သာကွာဟသလို၊ စတုတ္ထနေရာကို ချဲလ်ဆီးကိုလည်း ၇ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။