The network connection is lost.

Banner Image

ရုန်းကန်နေရတဲ့လီဗာပူးအတွက် ဘယ်အပိုင်းတွေမှာ အခက်တွေ့နေသလဲဆိုတာ ရှင်းပြလိုက်တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှ ထွက်ခွာသွားရသလို လက်ရှိအချိန်မှာ အကျပ်အတည်းအကြား ကျရောက်နေပြီလို့ ယုံကြည်နေပါတယ်။ မန်စီးတီးကို ၃-၀ ဂိုးဖြင့် အပြတ်အသတ်အရေးနိမ့်ခဲ့တဲ့ ကြိုးကြာနီတွေက ရာသီသစ်၊ ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန် ငါးကြိမ်မြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အခုရှုံးနိမ့်မှုကြောင့် လီဗာပူးက အမှတ်ပေးဇယားအဋ္ဌမနေရာဆီ ရောက်ရှိသွားပြီး အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ရှစ်မှတ်အထိကွာဟသွားလို့ ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းအတွက် ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ဘောလုံးရာသီရဲ့သုံးပုံနှစ်ပုံလောက် ကစားရဖို့ကျန်ရှိနေသေးပေမယ့် လီဗာပူးက အင်္ဂလန်ထိပ်တန်းလိဂ်သရဖူကို နှစ်နှစ်ဆက်ရယူဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ပုံစံမျိုးမှာ မတွေ့ရပါဘူး။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရွိုင်ကိန်းကလည်း မာဆေးဆိုဒ်ကလပ်ရဲ့လက်ရှိအခြေအနေကို အကဲဖြတ်ရာမှာ သူတို့မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

Sky Sports ဆွေးနွေးခန်းအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုခုနစ်ကြိမ်တိုင်တိုင်ရရှိခဲ့သူက လီဗာပူးအသင်းကစားပုံရဲ့ ဘယ်အခန်းကဏ္ဍတွေမှာ ညံ့ဖျင်းတဲ့စတင်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သလဲဆိုတာ ဖော်ထုတ်ထောက်ပြခဲ့ပါတယ်။ ရွိုင်ကိန်းက “ အခုအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးကို ထည့်ပြီးစဉ်းစားဖို့ မလိုတော့ပါဘူး။ သူတို့တွေ ငါးပွဲတောင် ရှုံးနိမ့်ပြီးသွားပါပြီ။ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ငါးပွဲရှုံးနိမ့်မှုနဲ့အတူ ဆယ်ပွဲမှာ ခုနစ်ပွဲအထိ ရှုံးနိမ့်ထားတဲ့ လီဗာပူးအတွက် အကျပ်အတည်းကာလတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ ဒါမျိုးဆိုတာ လီဗာပူးလိုကလပ်အသင်းတစ်ခုအတွက် အကျပ်အတည်းကာလတစ်ခုပါပဲ။

ခံစစ်ပိုင်းဆိုရင်လည်း သူတို့အတွက် နေရာစုံမှာ ပြဿနာတွေ ရှိနေပါတယ်။ ခံစစ်အစွန်လူတွေက ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်သလို ဗဟိုခံစစ်မှူးကိုနာတေးကို ကြည့်ရတာလည်း ကယောင်ချောက်ချားဖြစ်နေပုံပါပဲ။ ကစားသမားတွေရဲ့ခြေထောက်တွေကလည်း တွဲလောင်းကျနေလို့ ဒါက ချန်ပီယံတွေရဲ့အပြုအမူမျိုး မဟုတ်ပါဘူး။ ရည်မှန်းချက်တစ်ခုဆီ အရောက်သွားနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်အားတင်းထားရပါမယ်။

အသင်းတစ်ခုအဖြစ် မကစားနိုင်ဘူးဆိုရင် အခြေခံတွေကိုတောင် မှန်ကန်အောင်လုပ်ဆောင်ဖို့၊ ဖြတ်တင်ဘောတွေ ရပ်တန့်ပစ်ဖို့နဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်တိုက်ပွဲဝင်ဖို့အတွက် အခက်တွေ့ပါလိမ့်မယ်။ လီဗာပူးရဲ့အမြင်အရ သူတို့တွေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားလုပ်ချင်နေကြတာလဲ?”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

လေဗာကူဆင်မှပြောင်းရွှေ့လာပြီးနောက် ပုံစံကောင်းပျောက်ဆုံးနေလို့ ဝေဖန်ခံနေရတဲ့ လီဗာပူးရဲ့ပေါင်သန်း ၁၀၀ တန်ကစားသမား ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်လည်း ကြားရက်၊ ရီးရဲလ်မက်ဒရစ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အီတီဟတ်ကွင်းပွဲစဉ်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။ မန်စီးတီးနောက်ခံလူဟောင်းမီကာရစ်ချက်ကတော့ ကွင်းလယ်ကစားသမားကို အန်းစလော့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ ဖန်တီးပေးနေသူလို့ ယုံကြည်နေပါတယ်။

သူက “ ဒီနေ့မှာလည်း ဖလော်ရီယန်ဝစ်ဇ်ကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါက နည်းပြအတွက် ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဘယ်လိဂ်ကရောက်လာတာပဲဖြစ်ဖြစ်၊ ဒီလောက်ငွေကြေးပမာဏသုံးစွဲထားမယ်ဆိုရင် အခုစွမ်းဆောင်ရည်ထက် ပိုမိုသာလွန်တဲ့အရာမျိုး ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ပွဲကြီးတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့အတွက် အခုလိုငွေကြေးမျိုးကို သုံးစွဲခဲ့တာပါ”လို့ ပြောပါတယ်။

အခုလာမယ့်နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်က လီဗာပူးအတွက်တော့ အလွန်အလုပ်များမယ့် ပွဲစဉ်တွေမတိုင်ခင် ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လက်ကျန်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ ဆက်လက်ပါဝင်ချင်တယ်ဆိုရင် လီဗာပူးအတွက် ကြီးမားတဲ့ကြိုးစားအားထုတ်မှု လိုအပ်လာပါလိမ့်မယ်။